(ဆ)-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် အကြောင်းအရာ ၂ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း
လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများမှာ တရားဝင်ခွင့်ပြုထားချက်မပါရှိသော်လည်း တောင်သူများ လုပ်ပိုင်ခွင့်ရထားသည့် လယ်ယာွမေများအတွင်း ငါးလုပ်ငန်းဦးစီးဌာနခွင့်ပြုချက်ဖြင့် ငါးကန်များတူး၍ ငါးမွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်နေခြင်း၊ အချို့သော ကုမ္ပဏီများက မြို့နယ်နှင့် ကျေးရွာအာဏာပိုင်များ၊ မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ နှစ်ဧက၊ သုံးဧကဖြင့် မိရိုးဖလာ မိသားစုလောက်သာ စီးပွားလုပ်နေသည့် လယ်ကွက်တို့ကို အဓမ္မလွှဲပြောင်းပေးခံရမှုများ ရှိနေသည့်အတွက် လယ်သမား များမှာ လူမှုစီးပွားရေးဒုက္ခများ ခံစားနေကြရပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါကိစ္စကို အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ တောင်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးကို သိလို ပါတယ်။ တစ်ဆက်တစ်စပ်တည်း ဆန်စပါးဈေးနှုန်းနဲ့ ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်း၏မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည့်ပြည့်စုံစုံ ဖြေကြားသွားပါတယ်။ သို့ပေမယ့် အရန်ဆန်များကို တင်ဒါစနစ်ဖြင့် ဝယ်ယူသောကြောင့် လယ်သမားများ ဈေးနှိမ့်၍ ဝယ်ယူနေရမည့် အွခေအနေ ဖြစ်ပေါ်လာနိုင်မည်ကို စဉ်းစားသင့်ပါတယ်။
တတိယမေးခွန်းအနေနဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၄၈ ၏ နည်းဥပဒေခွဲ(ခ)အရ လယ်မြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခြင်းပြုရာတွင် အစိုးရဘဏ် သို့မဟုတ် အစိုးရက သတ်မှတ်ထားသော ဘဏ်တစ်ခုခု၌ လုပ်ပိုင်ခွင့်လက်မှတ်မူရင်းကို ပေးအပ်၍ ပေါင်နှံရမည်ဟု ပါရှိပါတယ်။ တဖန် ပုဒ်မ ၄၈ ပုဒ်မခွဲ(ဂ) ယင်းသို့ ပေါင်နှံရာ၌ လက်ခံသည့်ဘဏ်မှ တာဝန်ရှိသူတို့သည် လယ်ယာမြေတည်ရှိသော သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် လယ်မြေ ပေါင်နှံသည့်စာချုပ် ချုပ်ဆိုရမည်ဟုလည်း ပါရှိပါတယ်။ ဒီနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများက အစိုးရဘဏ်ခွဲများ ကျေးရွာအုပ်စုတိုင်း၌ ရှိရပါမယ်။ ယခုမရှိသေးပါ။ ထို့အပြင် အစိုးရက သတ်မှတ်ထားသော အခြားဘဏ်တစ်ခုခုဟု ဆိုရာတွင်လည်း ယခုတိုင် မည်သည့်ကျေးရွာအုပ်စုတွင် မည်သည့်ဘဏ်တို့မှ ပေါင်နှံနိုင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းခြင်းမျိုး မတွေ့သေးပါ။ စိုက်ပျိုးစရိတ် ချေးငွေသက်သက်ဖြင့် လယ်ယာစိုက်ပျိုးစရိတ်မလုံလောက်သော တောင်သူများကို မိမိတို့ကျေးရွာ အုပ်စုတွင် အတိုးနှုန်းသက်သာစွာဖြင့် နည်းဥပဒေပါအတိုင်း အလွယ်တကူ ပေါင်နှံနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါတယ်။ စတုတ္ထမေးခွန်းအနေနဲ့ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆန်စပါး ဈေးကွက်သည် အာဖရိကတိုက်တွင် အစဉ်အလာ နေရာရရှိထားခဲ့ပါတယ်။ ယခုအခါ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနိုင်ငံတို့သည် အာဖရိကဆန်ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်၍ မြန်မာ့နိုင်ငံတကာဆန်ဈေးကွက်သည် အာဖရိကသို့ ပုံမှန်ဆန်တင်ပို့နေရာမှ အပြိုင်ရောင်းချရတော့ မည့်အနေအထားသို့ ရောက်ရှိလာသည်ကို တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ဆန်ဈေးကွက်ခွဲတမ်း လျော့နည်းကျဆင်းနေသည်ဖြစ်ပြီး အဆိုပါ နိုင်ငံတကာဆန်ဈေးကွက် အနေအထားကို ချင့်တွက်၍ ဆင်းရွှေလီဆန်အမျိုးအစားဖြင့် နိုင်ငံတကာဆန်ဈေးကွက်ကို ရေရှည်ထိုးဖောက်လာနိုင်မည်လား၊ ကမ္ဘာ့ထိပ်တန်းဝင်ဆန်စာရင်းဖြစ်သော ပေါ်ဆန်းမွှေးကို အဓိကနေရာတွင်ထားပြီး အဓိကပို့ကုန် အဖြစ်လျာထားမည်ဆိုပါက ဆင်းရွှေလီထက်ပိုရမည်ဖြစ်၍ တောင်သူလယ်သမားများလည်း ပို၍ ဈေးကောင်းရနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ စိုက်စရိတ်ချင်းတွင် ထူး၍မကွာဘဲ ဈေးကောင်းပိုနိုင်သည့် အထက်တန်းစားဆန်တင်ပို့ရေး ရည်ရွယ်လျာထားချက် ရှိပါသလားကို သိလိုသည့်အတွက် မေးမြန်းပါသည်။