(ဈ)-ဝေါမြို့နယ်ရှိ ပုကိုင်တာကြီးအား အကြီးစားပြုပြင်မှု ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်း ကျော်ရှိတဲ့ တောင်သူလယ်သမားများအရေးကို ဦးစားပေးဆောင်ရွက်လာတာကို တွေ့ရ တဲ့အတွက် အထူးပဲဝမ်းမြောက်ဝမ်းသာကြိုဆိုအပ်ပါတယ်။ အများစုဖြစ်တဲ့ လယ်သမားများ ချမ်းသာ လို့ရှိရင် လယ်သမားများဖွံ့ဖြိုးတိုးတက်လာလို့ရှိရင် တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်လာမှာ၊ ချမ်းသာ လာမှာပဲဖြစ်ပါတယ်။ အခုလိုအပေါ်ထပ် အဆောက်အအုံမူဝါဒတွေပြောင်းလဲလာသလိုပဲ အောက်ခြေ တောင်သူလယ်သမားများ တစ်ဦးချင်းစီထိ အကျိုးသက်ရောက်မှုများ မှန်မှန်ကန်ကန်ရှိဖို့စနစ်တကျ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ပေးပါလို့လည်း ထပ်မံအကြံပြုအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်ရှိ စစ်တောင်းမြစ်ရေကြီးမှုကိုကာကွယ်ပေးတဲ့ ပကိုင်တာကြီးဟာ ယခုနှစ် မိုးရာသီ မိုးရွာသွန်းတာများတာကြောင့် ကျိုးလုကျိုးခင်ဖြစ်ခဲ့ရပြီးတော့ လူထုအားနဲ့ကာကွယ်ခဲ့ရတယ် လို့သိရှိရပါတယ်။ အဲဒီပကိုင်တာကြီးဟာ ၁၉၉၇ ခုနှစ်မှာ ကျိုးပေါက်ခဲ့လို့ ဝေါမြို့နယ်၊ သနပ်ပင် မြို့နယ်နဲ့ ကဝမြို့နယ်တို့မှာအကြီးအကျယ် ရေကြီးနစ်မြုပ်ခဲ့ရပါတယ်။ လူနဲ့တိရစ္ဆာန်တွေများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ လယ်ဧကပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အထက်မှာရှိတဲ့ ပကိုင်တာကျိုးလို့ရှိရင် အောက်မှာရှိတဲ့ ဝေါအပါအဝင် သနပ်ပင်၊ ကဝတို့ပါ အကျိုးပျက်စီးကြရပါ တယ်။ ဒဏ်ခံကြရပါတယ်။ အခုအခါမှာ ပကိုင်တာကြီးရဲ့ကြံ့ခိုင်မှုအားနည်းလာနေတဲ့အတွက် မိုးတွင်း ကာလမိုးများစွာရွာသွန်းတဲ့အခါမှာ ဝေါမြို့နယ်ပကိုင်တာအောက်ပိုင်းမှာရှိတဲ့ ကျေးရွာများမှာ ရင်တမမနဲ့ အစိုးရိမ်ကြီးစွာရှိကြရပါတယ်။ သနပ်ပင်မြို့နယ်နဲ့ ကဝမြို့နယ်မှာရှိတဲ့ ပြည်သူများပါ ပကိုင်တာကြီးကျိုးပေါက်၍ ရေကြီးရေလျှံဖြစ်မှာကို စိုးရိမ်နေကြရပါတယ်။ သို့ပါ၍ ကျွန်တော် မေးမြန်းလိုတာကတော့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ပကိုင်တာကြီးအား အကြီးစားပြုပြင်မှု ပြုလုပ်ရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက် ပေးမည်ကို မေးမြန်းပါသည်။