(ခ)-တစ်ဖက်နိုင်ငံတွင်တရားဝင်ဆေးကုသရင်း သေဆုံးသူ၏သက်မဲ့ရုပ်ခန္ဓာအား မိမိနိုင်ငံအတွင်းသို့ လွယ်ကူစွာပြန်လည်သယ်ယူနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

 

တာချီလိတ်မှာနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားလူထုတွေအားလုံးက ကျန်းမာရေးနှင်‌့ပတ်သက်ပြီး တစ်ဖက်သောနိုင်ငံကိုသွားပြီးတော့ ဆေးဝါးကုသကြပါတယ်။ အဲ့လို ဆေးဝါးကုသတဲ့အချိန်တွင် သေဆုံးသွားတဲ့အချိန်မှာ သေဆုံးသွားတဲ့သက်မဲ့ရုပ်ခန္ဓာတွေကို မိမိနိုင်ငံကို ပြန်လည်သယ်ယူလာချင်ကြပါတယ်။ အဲ့လို သယ်ယူလာတဲ့အချိန်မှာ တာချီလိတ်မှာဖြစ်တဲ့ ပြဿနာလေးတစ်ခုက သယ်ဆောင်လာဖို့သက်ဆိုင်ရာတွေနဲ့သွားပြီးတော့ သူတို့ညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ တရားမဝင်လို့ယူဆရတဲ့ငွေကြေးတွေပေးဆောင်ရပါတယ်။ ပေးဆောင်ပြီးသယ်ယူလာ တဲ့အချိန်မှာ မယ်ဆိုင်ချောင်းကိုဖြတ်တဲ့အချိန်မှာ အလောင်းရော၊ အခေါင်းပါရေထဲမျောပါသွားတယ်။ ရေထဲမျောပါသွားတဲ့အချိန်ကျတော့ ကာယကံရှင်က အလောင်းမရလာဘူးဆိုပြီးတော့ သက်ဆိုင်ရာ ဆီကိုပြန်ပြီးတော့ ပိုက်ဆံပြန်တောင်းတယ်။ အဲ့ဒါမပေးဘူး။ ပြန်မပေးဘူး။ အဲ့လိုပြဿနာတွေလည်း ရှိခဲ့ဖူးပါတယ်။ တချို့တွေကျတော့ ဒီသေဆုံးသူရဲ့သက်မဲ့ရုပ်ခန္ဓာကို ပုလင်းကြီးချိတ်ပြီးတော့ လူနာပုံစံ လိုမျိုး ချစ်ကြည်ရေးတံတားပေါ်တင်လာတယ်။ အဲ့လိုနဲ့ဖြတ်ကြတာလည်းရှိပါတယ်။ အဲ့လိုမျိုး ဖြတ်ကြတဲ့အချိန် ဒေသခံတွေကလည်းပြောကြပါတယ်။ သူတို့ကတော်တော် တော်တဲ့လူတွေပဲတဲ့။ ဒီသေဆုံးတဲ့လူကို လူနာပုံစံဖြစ်အောင်သရုပ်ဆောင်နိုင်တယ်။ အဲ့လိုလည်းပြောတဲ့လူတွေလည်းရှိပါ တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီ တာချီလိတ်မှာမကဘဲ ဒီနယ်စပ်ဒေသမှာအားလုံး တစ်ဖက်နိုင်ငံကို ဆေးဝါးကုသပြီး သေဆုံးသူတွေရဲ့သက်မဲ့ရုပ်ခန္ဓာတွေကို မိမိနိုင်ငံကိုပြန်သယ်လာဖို့ တစ်ဖက်နိုင်ငံကို တရားဝင်ဆေးကုသရင်း သေဆုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသောသူများကို မိမိနိုင်ငံအတွင်းသို့ လွယ်ကူစွာပြန်လည်သယ်ယူလာနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဖက်နိုင်ငံနဲ့ တရားဝင်ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။