(ဂ)-ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တစ်နိုင်ငံလုံးမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ နှိမ်နင်းပပျောက်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြီးခဲ့တဲ့ လပိုင်းအတွင်းက သီပေါမြို့နယ် နမ့်လန်ကျေးရွာရှိ ခလရ (၂၄၃) တပ်ရင်း၏ လက်နက်ဂိုဒေါင်မှ လက်နက်ခဲယမ်းမီးကျောက်များ ထော်လာဂျီတစ်စီးတိုက် စာမျှ ဖောက်ထွင်းခိုးယူခြင်းခံရသည်ဟု ကြားသိရပါတယ်။ အဆိုပါ ဖောက်ထွင်းခိုးယူသူကို ဖမ်းဆီးရမိ သော်လည်း နောက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားသူမှာ တပ်ရင်း(၂၄၃)မှ တပ်ကြပ်ကြီးတင်စိုး ဆိုသူဖြစ်ပြီး မူးယစ်ဆေးစွဲနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းတို့သုံးစွဲတဲ့ စိတ်ကြွမူးယစ် ဆေးဝါးများကို နမ့်လန်ကျေးရွာအတွင်းတွင်ပင် ချက်လုပ်နေသည်ဟုသိရပြီး အဆိုပါ ထုတ်လုပ်ရောင်း ချသူမှာ ယခုအခါ ထွက်ပြေးသွားပြီဟုဆိုပါတယ်။ လွန်ခဲ့တဲ့ လပိုင်းအတွင်းကလည်း သီပေါမြို့လယ် လမ်းပေါ်မှာ မူးယစ်ဆေးစွဲသူတစ်ဦးမောင်းနှင်တဲ့ ကာစတန်တောင်းအေ့စ် ယာဉ်တစ်စီးက လူ ၇ ဦးကို တစ်ဆက်တည်းတိုက်ခိုက်ထွက်ပြေးကာ ချောက်ထဲကျတိမ်းမှောက်မှုဖြစ်ပွားသဖြင့် ကျောင်းသားလေး ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပါတယ်။ ပြည်သူများရဲ့ တိုင်တန်းသတင်းပေးပို့ ချက်အရ သိရှိရတာကတော့ သီပေါမြို့ ရဲစခန်းရဲ့ွမောက်ဘက် ကျောင်းစုကျေးရွာနှင့် နားဖုံကျေးရွာ အကြား ဘုရားကြိုဘုရားကြားများတွင် မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကားသုံးစွဲနေကြ သည်မှာ ပွဲခင်းတမျှစည်ကားလှတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးကိစ္စကိုနှိမ်နင်းဖို့ လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ တိုင်ပင်ပြီး ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သော်လည်း ငြိမ်သက် မသွားဘဲ အရောင်းအဝယ်မပျက် ဆက်လက်ရှိနေကြောင်း ပြည်သူလူထုက သတင်းပေးလာကြ ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့လည်း မူးယစ်ဆေးဝါးချက်လုပ်ပြီး လက်ကားရောင်းချနေသူများမှာ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်နေသူများဖြစ်ကြောင်း တွေ့ရှိရသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုပပျောက်ရေးကိစ္စမှာ ၎င်းတို့ ရဲတပ်ဖွဲ့တစ်ဖွဲ့တည်းဖြင့် မနိုင်နင်းတော့ကြောင်း ပြည်သူလူထုအား ဝန်ခံအသိပေးထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်လည်းကောင်း တိုင်ပင်ပြီး ဝိုင်းဝန်းနှိမ်နင်းကြမှသာ အောင်မြင်လိမ့်မယ်လို့ယူဆမိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးအရေးယူပြီး ပြန်လည်ပြုပြင်ရေးစခန်းများတွင် ဆေးဖြတ် တောက်ရန် စီမံဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ ကို အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်မလာနိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘိန်း စိုက်ပျိုးမှုပပျောက်စေရန်စီမံဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ဖော်ထုတ် အရေးယူရာမှာ ပြည်သူလူထုကပါ ပူးပေါင်းပါဝင်လာစေရေးအတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ပြီး ဆုပေး၊ ဒဏ်ပေးစနစ်များ ပေါင်းစပ်ကျင့်သုံးသင့်တယ်လို့ ယူဆမိပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရှမ်းပြည်နယ်ွမောက်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနေမှုများ နှိမ်နင်းပပျောက်ရေးကိစ္စ မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။