(က)-အခွန်ပေးဆောင်မှု လျော့နည်းသည့် သတ္တုလုပ်ကွက်များအဖြစ် ရွှေ (သို့မဟုတ်) တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် နှင့်စပ်လျဉ်းသည့် မေးခွန်း
(က)-အခွန်ပေးဆောင်မှု လျော့နည်းသည့် သတ္တုလုပ်ကွက်များအဖြစ် ရွှေ (သို့မဟုတ်) တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် နှင့် ယခင်ကဲ့သို့ လက်လုပ်လက်စား ရွှေတူးဖော် ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။
ကျွန်တော့်အနေနဲ့ တင်ပြမေးမြန်းလိုတာ ကတော့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေကြတဲ့ သတ္တုရှာဖွေတူးဖော်ခွင့်ပြုနေမှု ကိစ္စဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနှစ်သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတို့ကို သတ္တုရှာဖွေတူးဖော်ရေးလုပ်ကွက်များအဖြစ်နဲ့ လုပ်ကွက်အကြီး၊ အသေးခွဲခြားပြီးတော့ သတ်မှတ်ချထားမှုများရှိတာကို တွေ့ရှိရပါတယ်။ အနိမ့်ဆုံးဧက ၂၀ အသေးစားလုပ်ကွက်များ လျှောက်ထားမှုများရှိသလို ဧကပေါင်းသောင်းချီပြီးတော့ လျှောက်ထားမှုများ ရှိတာကိုလည်း တွေ့ရှိနေ ရပါတယ်။ ဧကပေါင်းသောင်းချီပြီး လျှောက်ထားတဲ့နေရာမှာ ရွှေတူးဖော်မှုအတွက်သာဖြစ်ပါက သတ္တုတွင်းဝန်ကြီးဌာနသို့ ရွှေပေးသွင်းရမှုပမာဏဟာ များပြားပါတယ်။ အခွန်ပေးဆောင်မှုလျော့နည်း စေရန် ရည်ရွယ်ပြီးတော့ အခြားခဲ၊ ကြေး စတဲ့ သတ္တုလုပ်ကွက်တစ်မျိုးမျိုးအမည်နဲ့ ရှောင်လွဲပြီးတော့ လျှောက်ထားပြီးမှ အမှန်တကယ် ရွှေ ဒါမှမဟုတ် တန်ဖိုးကြီးမားတဲ့ သတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေ နေတာမျိုးတူးဖော်နေတာမျိုး ရှိနိုင်၊ မရှိနိုင်။ နောက် ကျွန်တော်တို့ လုပ်ကွက်ပိုင်ဆိုင်မှု ကိုင်တွယ်ထား ပြီး အခွင့်အလမ်းသစ်တွေကို ရှာဖွေကာ ရင်းနှီးမြှုပ်နှံမှု ပိုမိုပွင့်လင်းလာတဲ့ အချိန်အခါကျမှ လုပ်ကွက် ကို တခြားပုဂ္ဂိုလ် တခြားကုမ္ပဏီများသို့ ရောင်းချရခြင်းမျိုးတွေ ရှိလာနိုင်၊ မရှိလာနိုင်တို့ကို သိရှိလိုပါကြောင်းနှင့် ထိုကဲ့သို့ မဖြစ်ပေါ်စေဖို့အတွက် သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ မည်ကဲ့သို့သော အစီအမံများ၊ စစ်ဆေးမှုများ၊ ညွှန်ကြားချက်များ ထားရှိတာကို သိရှိပါကြောင်းနဲ့ ကုမ္ပဏီဖွဲ့စည်းနိုင် ခြင်းအင်အားမရှိတဲ့ဒေသခံ မိဘပြည်သူများအတွက် ယခင်ကကဲ့သို့ လက်လုပ်လက်စားရွှေတူးဖော်ခွင့် ပြုရန် အစီအစဉ် ရှိ၊ မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။