(ခ)-ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း သို့ ပြောင်းရွှေ့တည်ဆောက်မည့် ထိုင်းနိုင်ငံမှ သဘာဝဘေး အန္တရာယ်ရှိသော စက်ရုံဟောင်းများကိစ္စ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပထမဦးစွာ ကျွန်တော့်ရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့ ပြောင်းရွှေ့တည်ဆောက်မည့် ထိုင်းနိုင်ငံမှ သဘာဝဘေးအန္တရာယ်ရှိသော စက်ရုံဟောင်းများကိစ္စနှင့် ပတ်သက်တဲ့မေးခွန်းကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ မေးမြန်းခွင့်ပြု ခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်းတင်ပြလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ အခန်း(၁၆) ပုဒ်မ ၁၀၉ မှာ ပြည်ထောင်စုအစိုးရအား မေးမြန်းသောမေးခွန်းတစ်ရပ်သည် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ရသော အများပြည်သူ ကိစ္စများနှင့်စပ်လျဉ်းစေရမည် သို့မဟုတ် ပြည်ထောင်စုအစိုးရကတာဝန်ခံထားသော အုပ်ချုပ်မှု တစ်ရပ်ရပ်နှင့်သက်ဆိုင်စေရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူ ပုဒ်မ ၁၃၃(ခ)မှာ အကြောင်း ကိစ္စတစ်စုံတစ်ရာသိလို၍ စုံစမ်းမေးမြန်းသော အချက်သာပါရှိရမည်ဖြစ်ပြီး ရှင်းလင်းလွယ်ကူစွာ နားလည်စေရန်မှတစ်ပါး အမည်နာမ သို့မဟုတ် ဖော်ပြချက်များမပါရှိစေရလို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၁၃၃(ဂ)မှာတော့ မိမိ၏ဖော်ပြချက်မှန်ကန်ကြောင်း မေးခွန်းမေးမြန်းသော လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်ကိုတာဝန်ခံရမည်လို့ ဖော်ပြထားပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု ကျွန်တော်မေးမြန်းမယ့်အကြောင်းကိစ္စမှာ ပုဒ်မ ၁၃၃ (ဂ) အရ အချက်အလက်မှန်ကန်ကြောင်းကို တာဝန်ခံရမှာမို့ ကျွန်တော့်ရဲ့တင်ပြချက်မှာ အမည်နာမတချို့၊ အကြောင်းအရာတချို့ကို အထောက်အထားခိုင်လုံစွာဖော်ပြထားခြင်းကို ခွင့်ပြုပေးနိုင်ပါရန် ကြိုတင် ခွင့်တောင်းခံအပ်ပါတယ်ခင်ဗျား။ ဒါ့အပြင် တင်ပြချက်များမှာ ဆေးပညာနဲ့သက်ဆိုင်တဲ့ဝေါဟာရများ မလွှဲမရှောင်သာပါဝင်လာတဲ့အတွက် အင်္ဂလိပ်လိုတင်ပြထားရတာကိုလည်း ခွင့်ပြုပေးပါရန် ကြိုတင် တောင်းခံအပ်ပါတယ်ခင်ဗျား။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လက်ရှိ အစိုးရသစ်တာဝန်မယူခင်ကလေးတင်မှာ လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အခုတင်ပြမယ့်အကြောင်းအရာတချို့ကိုကြားသိခဲ့ရပေမယ့် အထောက်အထား ပြည့်ပြည့်စုံစုံရှာဖွေနေရတာကတစ်ကြောင်း၊ စီမံကိန်းကို ဆက်လက်ဆောက်ရွက်မည့်အခြေအနေ မရေမရာဖြစ်နေတာကတစ်ကြောင်းတို့ကြောင့် ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ ယခုအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေများလည်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေများနှင့်အညီ တာဝန်ယူ ကြီးကြပ်မည့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ပြည်သူလူထုအများစု ဟာလည်း မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်းတို့နှင့်ပတ်သက်ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာများ၊ အတွေ့အကြုံများ၊ ဂရုပြုမှုများပိုမိုများပြားလာပြီဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လက်ထက်မှာ ဒီစီမံကိန်းနှင့်ပတ်သက်ပြီးတော့ အထောက်အထားများ စုဆောင်းရရှိပြီးဖြစ်တဲ့အပြင် ဒီစီမံကိန်းကြီးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တွေ့ဆုံ ညှိနှိုင်းနေကြတာမို့ အများပြည်သူကိစ္စများနှင့်စပ်လျဉ်းတဲ့ကိစ္စများဖြစ်တဲ့အပြင် ပြည်ထောင်စုကြီး အကျိုးမျှော်ကိုးပြီးမေးမြန်းတင်ပြရခြင်းဖြစ်ကြောင်း ပထမဦးစွာတင်ပြလိုပါတယ်ခင်ဗျား။
ထိုင်းနိုင်ငံ ရနောင်းမှာတည်ရှိတဲ့ Matter Post စက်မှုဇုန်မှာ စက်ရုံပေါင်း ၇၆ ရုံရှိတဲ့အနက် အနည်းဆုံး ၃၅ ရုံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကနေပြီးတော့ ကင်ဆာအထိဖြစ်စေတတ် တဲ့အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများသုံးစွဲခဲ့ကြောင်း ထိုင်းတက္ကသိုလ်တစ်ခုက တရားဝင်စုံစမ်းတွေ့ရှိခဲ့ ပါတယ်။ စက်ရုံ ၂၁ ရုံမှာ ကင်ဆာဖြစ်စေတတ်သောပစ္စည်းများ Casino Genie Suspect များကို ကုန်ထုတ်လုပ်ငန်းများမှာ သုံးစွဲခဲ့ကြပါတယ်။ အလားတူ အသက်ရှူလမ်းကြောင်း၊ ဦးနှောက်၊ မျိုးပွားခြင်း၊ သန္ဓေသား၊ သွေးစနစ်၊ အသဲနှင့် ကျောက်ကပ်ရောဂါများ၊ အရေပြား၊ မျက်စိရောဂါ ဆိုင်ရာရောဂါများဖြစ်စေတတ်သော အန္တရာယ်ရှိပစ္စည်းများ Top set Chemical များကို သုံးစွဲခဲ့ ကြပါတယ်။
အဲ့ဒီအတွက်ကြောင့် အဲ့ဒီစက်မှုဇုန်ကို Evolution Control ဇုန်အဖြစ်သတ်မှတ်ကြေညာခဲ့ပါ တယ်။ တွေ့ရှိချက်များကိုလည်း ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်းဦးဆောင်တဲ့အဖွဲ့ကိုပေးပို့ခဲ့ကြပါ တယ်။ အထက်ပါကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကြောင့် ယင်းစက်မှုဇုန်ရှိ စီမံကိန်းများအချို့ကို ၂၀၀၉ ခုနှစ်မှာပိတ်သိမ်းခဲ့ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အဲ့ဒီစက်မှုဇုန်မှာရှိတဲ့ စက်ရုံအချို့ဟာ ထိုင်းနိုင်ငံမှာဆက်လက်ထားရှိဖို့မသင့်တော်တာမို့ ထားဝယ် ဆိပ်ကမ်းစီမံကိန်းသို့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း ၂၀၀၉ ခုနှစ်အတွင်းမှာ ထိုင်းရုပ်မြင် သံကြားမှာ အဲ့ဒီတုန်းက တာဝန်ရှိအကြီးအကဲကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၆-၁၁-၂၀၁၀ ရက်နေ့ထုတ် The Newyork Times မှာလည်း တရားဝင်ဖော်ပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်း မှာတော့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံခေါင်းဆောင်ကြီးများတွေ့ဆုံခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ကြားသိခဲ့ရပါတယ်။ လေးစား အပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ထိုင်းနိုင်ငံဒေသခံများကို (က) ကင်ဆာအပါအဝင် ရောဂါများကျရောက်စေခဲ့သော (ခ) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဆိုးဆိုးဝါးဝါးဖြစ်စေခဲ့သော (ဂ) ထိုင်းနိုင်ငံတရားရုံးများ အာဏာပိုင်များက ပိတ်သိမ်းထားခဲ့သော ဓာတုဗေဒစက်ရုံများအပါအဝင် အခြားစက်ရုံအဟောင်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းတည်ဆောက်ခြင်းကို လုံးဝခွင့်မပြုစေရေး နိုင်ငံတော်အစိုးရကို တိုက်တွန်းလိုပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းများကတော့ လွှတ်တော် ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းလိုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲ့ဒီ စက်ရုံ အဟောင်းတွေကို ထားဝယ်ရေနက်ဆိပ်ကမ်းကို မဖြစ်မနေပြောင်းရွှေ့တည်ဆောက်မည်ဆိုပါက (က) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့အစီအမံများ၊ ခေတ်မီစက်မှုနည်းကိရိယာများ၊ ထိန်းချုပ်မှုများစိစစ်တပ်ဆင်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ (ခ) သီးခြားလွတ်လပ်တဲ့မြန်မာပြည်သူပြည်သား အများစုကလက်ခံနိုင်သော ဂုဏ်သရေရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့များနှင့် EIA/SIA/HIA လေ့လာစိစစ်ချက်များကို ထိထိရောက်ရောက်ဆောင်ရွက်စေပြီး ပြည်သူ အများသိရှိစေရေးထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ၊ မရှိ။ (ဂ) စီမံကိန်းတစ်ခုလုံးကို ပြည်သူ အများသိရှိစေရန်အတွက် ထင်သာမြင်သာရှိစေသော သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးစေရေး ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။