(က)-တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျေးလက်နေပြည်သူများအထိ ကျယ်ပြန့်စွာ သိရှိ နားလည်နိုင်ရန် ဆောင်ရွက်ထားရှိမှုအစီအမံများနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတကာမှာလည်း ဒီမိုကရေစီနိုင်ငံအဖြစ် အောင်မြင်စွာထူထောင်နိုင်ခဲ့တာဟာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများမှ ဥပဒေရေးဆိုင်ရာ အသိအမြင်များ ပွင့်လင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတကြီးကလည်း တရားဥပဒေစိုးမိုးရေးရှိရန် လိုအပ်ကြောင်း အစဉ်အမြဲ တိုက်တွန်းမိန့်ကြားလျက်ရှိနေပါတယ်။ ကျွန်မတို့ နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ဥပဒေရေး ဆိုင်ရာ အသိအမြင်များအားနည်းလျှင် မိမိတို့ကိုယ်တိုင်ဥပဒေကို မွေ့လျော်စွာခံယူကျင့်သုံးလျှင် မလိုလားအပ်သော ပြဿနာများစွာကို ရင်ဆိုင်တွေ့ကြုံနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေး အောင်မြင် ရန် အဓိကသော့ချက်ဟာ ဥပဒေရေးဆိုင်ရာအသိအမြင်များပြန့်ပွားပြီး မိမိကိုယ့်ကိုမိမိ ဥပဒေကြောင်း အရ တာဝန်ယူရန် ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဥပဒေရေးဆိုင်ရာအသိအမြင် များ ပွင့်လင်းစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနများမှ တာဝန်ရှိပါတယ်ရှင့်။ ဥပမာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲအဖွဲ့အစည်းများရဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများမှာ မှုခင်း အသိပညာပေးဟောပြောခြင်းလုပ်ငန်းရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကောင် အထည်ဖော်ရန် နည်းနာ ၃ ရပ်မှာ ကျေးလက်ဒေသမှ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေး ခြင်းလုပ်ငန်းပါဝင်ပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာလည်း ဥပဒေများကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကိုလိုက်နာသော အလေ့ အကျင့် ပျိုးထောင်ပေးရေးစသည်တို့ကို ပြဋ္ဌာန်းထားပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဥပဒေရေးဆိုင်ရာ အသိအမြင်များပွင့်လင်းစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စု တရားရုံးချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်များစသည်တို့ရဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် နိုင်ငံတော်ရဲ့မူဝါဒနှင့် လုပ်ငန်းစဉ်တွေမှာလည်း လေ့လာတွေ့ရှိနေရပါတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်းမှာ အလွန်အားနည်းနေတာကို လေ့လာတွေ့ရှိနေရပါတယ်။ ဥပဒေရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို မိမိဌာနအတွင်းသာ ပြုလုပ်ခြင်း၊ အချင်းချင်းအချိတ်အဆက် မရှိခြင်း၊ သွားလာရလွယ်ကူသောနေရာတွင်သာပြုလုပ်ခြင်း၊ ရပ်ကွက်ကျေးရွာအထိ ကွင်းဆင်း သင်တန်းပေးမှုအားနည်းခြင်း၊ မိမိတို့ရပ်ရွာက ဥပဒေအသိပညာကိုလိုချင်၍ သက်ဆိုင်ရာဌာနကို ဖိတ်ကြားလျှင် စရိတ်စက အကုန်အကျခံရခြင်း၊ လူအမြင်ကောင်းစေရန်သာ ပြုလုပ်ခြင်းစတဲ့ ကိစ္စရပ်များကို လေ့လာတွေ့ရှိနေရပါတယ်ရှင့်။
တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်များကို နိုင်ငံသားအားလုံးက လိုက်နာဆောင်ရွက်ကြရမှာဖြစ်သလို သက်ဆိုင်တဲ့ဥပဒေများကို စွဲကိုင်ကျင့်သုံးရတဲ့ အဖွဲ့အစည်းအသီးသီးမှာလည်း အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီလည်းကောင်း တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမယ်လို့ ခံယူယုံကြည်ပါတယ်ရှင်။ အထူးသဖြင့် မူလတန်းကျောင်းများမှစ၍ ကျောင်းနေအရွယ်သိတတ်တဲ့ အသက်အပိုင်းခြားကနေစပြီး ဥပဒေရေးရာကိစ္စရပ်များအား ပြည်သူ့နီတိဖြင့် တွဲဖက်၍ ဟောပြောပို့ချသင်ကြားလေ့ကျင့်ပေးခြင်း များ စတင်ဆောင်ရွက်ပေးသင့်ပါပြီလို့ ယုံကြည်ပါတယ်ရှင့်။ သို့မှသာ ငယ်စဉ်အရွယ်မှစ၍ တရားဥပဒေကို လိုက်နာကျင့်သုံးတတ်တဲ့ အလေ့အထရှိလာမှာ ဖြစ်ပါတယ်။ တည်ဆဲဥပဒေများကို နိုင်ငံသားအားလုံးက သိရှိထားမှသာ အဲ့ဒီဥပဒေများကို လိုက်နာကျင့်သုံးပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အဆင့်မှ နေ၍ ကျေးလက်နေပြည်သူများအထိကို တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ ဥပဒေရေးဆိုင်ရာ အသိအမြင်ပွင့်လင်းစေရန် နိုင်ငံတော်က ရေတိုရေရှည်စီမံကိန်းချမှတ်ကာ ဦးဆောင်၍ ပြုလုပ်ပေး သင့်တယ်လို့ ယုံကြည်ပါတယ်ရှင့်။ ဒါကြောင့် ကျွန်မမေးလိုတဲ့ ပထမမေးခွန်းမှာ (က) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျေးလက်နေပြည်သူများအထိ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေ ရေးဆိုင်ရာအသိအမြင်များ ကျယ်ပြန့်စွာသိရှိနားလည်နိုင်ရန်အတွက် ရေတိုရေရှည်စီမံကိန်းများ၊ အစီအမံများချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိပါသလား။ (ခ) စီမံဆောင်ရွက်ရန်မရှိက မည်သည့် အတွက်ကြောင့်နည်းလို့ မေးမြန်းအပ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ ဒုတိယမေးခွန်းကို မေးမြန်းမှာ ဖြစ်ပါတယ်ရှင်။ ယနေ့အချိန်အခါမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေ များ ထုတ်ပြန်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ရွေးချယ်ပြီး ဖြစ်ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာမှာ အခက်အခဲ များစွာ ကြုံတွေ့ရပြီး ပြည်သူများမှ သက်ဆိုင်ရာဌာနများကို တိုင်ကြားစာပေးပို့နေတာကိုလည်း သိရှိ ရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အားလုံးကို ၄-၂-၂၀၁၃ ရက်နေ့မှ ၁-၃-၂၀၁၃ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေများကို သင်တန်းပေးနေကြောင်းကိုလည်း ဝမ်းမြောက်ဖွယ်ကြားသိ ရပါတယ်ရှင်။ ဒါပေမယ့် တိုင်းရင်းသားများဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတချို့မှာ ဘာသာစကားအားနည်း ခြင်း၊ အထူးသဖြင့် ဗမာစကားဥပဒေဆိုင်ရာအသုံးအနှုန်းများကို အလုံးစုံနားလည်နိုင်စွမ်း အားနည်း ခြင်း၊ အချိန်လုံလောက်မှုမရှိခြင်းစတာတွေကို ရင်ဆိုင်တွေ့ကြုံခံစားနေရကြောင်းကိုလည်း သိရှိခဲ့ရပါ တယ်။ ဒါတွေကို နိုင်ငံတော်က ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်ရှင်။ ဒါကြောင့် မေးမြန်းလိုတဲ့ ဒုတိယ မေးခွန်းမှာ (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ နားလည်သဘောပေါက်ပြီး ဖြစ်ပါသလား။ (ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရ မည့် မြို့နေပြည်သူ၊ ကျေးလက်နေပြည်သူများ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေများကို သိရှိနားလည်အောင် နိုင်ငံတော်က ဆောင်ရွက်ပြီးဖြစ်ပါသလား။ (ဂ) မဆောင်ရွက် သေးပါက မည်သို့စီမံဆောင်ရွက်မည်ကို သိလိုပါတယ်။ (ဃ) စီမံဆောင်ရွက်ရန်မရှိက မည်သည့် အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။