(ခ)-ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်( မန္တလေး ) တွင် ကျောင်းသားများပြောင်းရွှေ့ ပညာသင်ကြားခွင့်ရရှိရေးနှင့် GTI အောင်မြင်ပြီးသော ကျောင်းသားများ ပညာဆက်လက် သင်ယူနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုး ရေးဒီဂရီကောလိပ် (မန္တလေး)ကို ၂၀၀၀ ပြည့်နှစ်တွင် အမှတ်စဉ် (၁) အဖြစ် ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ အမှတ်စဉ် (၁၁) သင်တန်းပြီးဆုံးသည်အထိ ကျောင်းသားပေါင်း ၁၀၀၄ ဦးကိုမွေးထုတ်ပေး နိုင်ခဲ့ကြောင်း၊ ကျောင်းဆင်းပြီးတိုင်းရင်းသားလူငယ်များအနေဖြင့်လည်း မိမိတို့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၉ ခုတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ယခုစာသင်နှစ်တွင် အဆိုပါဒီဂရီကောလိပ်အား မန္တလေးမြို့မှစစ်ကိုင်း ရွာသစ်ကြီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရာ မျှော်လင့်မထားသောအခြေအနေများ ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ အခြေအနေဆိုးများကို ကျော်လွန်ခဲ့ပြီးသည့်နောက် စစ်ကိုင်းရွာသစ်ကြီးရောက် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းသားများအနက် တတိယနှစ်ဝိဇ္ဇာ/သိပ္ပံကျောင်းသားများ၊ G.T.I ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားများကို ရန်ကုန်မြို့သို့ရွှေ့ပြောင်းသင်ကြားပေးခဲ့ကြောင်း ကြားသိရတဲ့အတွက် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ သို့ဖြစ်ရာ ဖွံ့ဖြိုးရေးဒီဂရီကျောင်းသားများ၏ ရှေ့ခရီးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်အတွက် ကျန်ရှိနေသေး သော ပထမနှစ်၊ ဒုတိယနှစ်ဝိဇ္ဇာ/သိပ္ပံကျောင်းသားများအား မည်သည့်အချိန်ကာလ၊ မည်သည့်နေရာ ဒေသ၌ ပညာဆက်လက်သင်ကြားနေသည်ကိုလည်းကောင်း၊ G.T.I အဆင့်အောင်မြင်ပြီးနောက် B.Tech အတန်းတွင် ပညာဆက်လက်သင်ယူခွင့်ရရှိထားသော ကျောင်းသားများအား B.Tech ပြီးဆုံးသည်အထိ ပညာဆက်လက်သင်ယူနိုင်ကြစေရေးအတွက် မည်သို့မည်ပုံ စီမံပေးထားသည်ကို လည်းကောင်း၊ B.Tech အတန်းတွင်ထူးချွန်စွာအောင်မြင်သဖြင့် B.E, M.E အတန်းများတွင် ဆက်လက်သင်ယူခွင့်ရရှိထားသော ကျောင်းသားများအတွက် ပညာတိုးမြှင့်သင်ယူနိုငေ်ရးနှင့် စပ်လျဉ်းပြီး နေရေးထိုင်ရေးမှအစ နိုင်ငံတော်မှ မည်ကဲ့သို့စီစဉ်ပေးထားသည်ကိုလည်းကောင်း သိလို ပါကြောင်း မေးမြန်းပါသည်။