(ဂ)-မျိုးစပါးကောင်း၊ မျိုးစပါးသန့်များကိုတောင်သူများ အလွယ်တကူရရှိနိုင်ရေးအတွက် ဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်းသည့်မေးခွန်း
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်တယ်လို့ မှတ်ယူ ထားပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ စပ်မျိုးစပါးများကို စိုက်ပျိုးနေတာအားလုံးအသိ ဖြစ်ပါတယ်။ စိုက်ပျိုးဖို့ရာ အတွက်ကိုလည်းပဲ အထူးတလည်တိုက်တွန်းနေတာကို ကျွန်တော်တို့ ကြားသိရပြီဖြစ်ပါတယ်။ ဒီစပ်မျိုးစပါးဟာ စိုက်သင့်တယ်ဆိုတာမှန်ပါတယ်။ လက်ခံပါတယ်။ သို့သော် ဒီလို စပ်မျိုးစပါးကိုစိုက်ပျိုးနိုင်ဖို့ရာအတွက်ကို ငွေကြေးလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ ဒေသ အခြေအနေအစရှိသည်ဖြင့် အခက်အခဲတွေရှိနေတာလည်းအမှန်ပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့ အလှမ်းဝေး မျိုးစပါးခြံတွေ၊ သုတေသနခြံတွေနဲ့ အလှမ်းဝေးတဲ့ မျိုးစပါးကောင်း၊ မျိုးစပါးသန့်ကို လွယ်လွယ်မရတဲ့နေရာဒေသတွေ နိုင်ငံတစ်ဝန်းမှာ တော်တော်များများရှိနေတာကို ကျွန်တော်ျတို့ တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် မိုးရာသီကာလမှာ ဝန်းသိုဒေသမှာ ဧရာမင်းကဲ့သို့ မျိုးစပါးများကို ဖြန့်ဖြူးတဲ့အခါ စပါးရဲ့အထွက်နှုန်း၊ စပါးရဲ့ဈေးနှုန်းအပေါ်မှာ တောင်သူများ အလွန် ကျေနပ်အားရခဲ့ကြပါတယ်။ ဒါကြောင့် ဒီလို ဒေသနဲ့ကိုက်ညီတဲ့ မျိုးစပါးကောင်း၊ မျိုးစပါးသန့်များကို တောင်သူတွေ လက်တစ်ကမ်းမှာ ရရှိအောင်လုပ်ပေးဖို့ရာ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးနိုင်ဖို့ အတွက်ဆိုရင် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိတဲ့သူတွေ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဝန်ထမ်းတွေနဲ့ စပါးစိုက်တောင်သူများ ညှိနှိုင်းပူးပေါင်းပြီးတော့ မျိုးစပါးခြံများကို နိုင်ငံတစ်ဝန်း မှာ တည်ထောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အထူးတလည်မေးမြန်းလိုတာကတော့ ဒီလို မျိုးစပါး ကောင်း၊ မျိုးစပါးသန့်များကို တောင်သူများလက်အတွင်းကို အချိန်တိုအတွင်း ရောက်ရှိဖို့ရာအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဘယ်ပုံဘယ်နည်း စီမံဆောင်ရွက်ထား သလဲဆိုတာ သိလိုပါကြောင်း မေးမြန်းပါသည်။