(ဃ)-လယ်ယာစိုက်ပျိုးစရိတ် မလုံလောက်သော တောင်သူများကို အတိုးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ပေါင်နှံနိုင်ရန်နှင့် စိုက်ပျိုးစရိတ်တွင် ထူး၍မကွာဘဲ ဈေးကောင်းပိုနိုင်မည့် အထက်တန်းစားဆန်များ တင်ပို့ရေး ရည်ရွယ်လျာထားချက်များနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ နည်းဥပဒေ ၄၈ နည်းဥပဒေခွဲ(ခ) အရ လယ်ယာမြေပိုင်ဆိုင်ခွင့်ကိုပေါင်နှံခြင်းပြုရာတွင် အစိုးရဘဏ် သို့မဟုတ် အစိုးရသတ်မှတ်ထား သောဘဏ်တစ်ခုခု၌ လုပ်ပိုင်ခွင့်ရလက်မှတ်မူရင်းကိုပေးအပ်၍ပေါင်နှံရမည်ဟုပါရှိပြီး ယင်းပုဒ်မ ၄၈(ဂ)အရ ယင်းသို့ပေါင်နှံရာ၌လက်ခံသည့်ဘဏ်မှတာဝန်ရှိသူတို့သည် လယ်ယာမြေတည်ရှိသော သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှေ့မှောက်တွင် တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် လယ်ယာမြေပေါင်နှံသည့်စာချုပ်ကိုချုပ်ဆိုရမည်ဟုလည်းပါရှိပါတယ်။ ဤ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရဆိုပါက အစိုးရဘဏ်ခွဲများသည် ကျေးရွာအုပ်စုတိုင်း၌ရှိရပါမည်။ ယခုအခါမရှိသေးပါ။ ထို့အပြင် အစိုးရသတ်မှတ်ထားသော အခြားဘဏ်တစ်ခုခုဟုဆိုရာတွင်လည်းပဲ ယခုတိုင်မည်သည့်ကျေးရွာအုပ်စုတွင်မှ မည်သည့်ဘဏ်တို့မှာပေါင်နှံရမည်ဟုသတ်မှတ်ပြဋ္ဌာန်းခြင်း မရှိသေးပါ။ စိုက်ပျိုးစရိတ်ချေးငွေသက်သက်ဖြင့် လယ်ယာစိုက်ပျိုးစရိတ်မလုံလောက်သောတောင်သူ များကို ၎င်းတို့ကျေးရွာအုပ်စုများတွင် အတိုးနှုန်းသက်သာစွာဖြင့် နည်းဥပဒေပါအတိုင်း အလွယ်တကူ ပေါင်နှံရန်မည်သို့ဆောင်ရွက်ပေးနိုင်မည်နည်း။ နိုင်ငံတကာကိုလည်း သိလိုပါတယ်။ ထို့အပြင် နိုင်ငံ တကာဈေးကွက်အနေအထားကိုချင့်တွက်၍ ကမ္ဘာ့ထိပ်တန်းဆန်စာရင်းဝင်ပေါ်ဆန်းမွေးကို အဓိက နေရာတွင်ထားပြီး အဓိကဆန်ပို့ကုန်အဖြစ်လျာထားမည်ဆိုပါက မြန်မာ့ရေမြေနဲ့လည်းကိုက်ညီပြီး တောင်သူများလည်း ပို၍ဈေးကောင်းရနိုင်မည်ဖြစ်ပါတယ်။ သို့ပါ၍ စိုက်ပျိုးစရိတ်တွင်ထူး၍မကွာဘဲ ဈေးကောင်းပိုနိုင်မည့် အထက်တန်းစားဆန်များတင်ပို့ရေး ရည်ရွယ်လျာထားချက်များ ရှိပါသလားကို သိလိုပါကြောင်း မေးမြန်းပါသည်။