(ဂ)-တာချီလိတ် မဲဆန္ဒနယ်၏ သီပေါမြို့ စည်ပင်သာယာရေး အဖွဲ့ပိုင် စမ်းမာလာ ဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော ကလေး ကစားကွင်း အတွင်း အဖမ်းခံရခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
သီပေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စမ်းမာလာဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော ကလေးကစားကွင်းအတွင်းသို့လာရောက် ဖမ်းဆီးသောရဲတပ်ဖွဲ့မှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ပေးစေလွှတ်လိုက်သူများဖြစ်ကြောင်းသိရှိရပါ သည်။ အထက်ပါဖြစ်ပွားသွားသည်မှာ လုပ်ထုံးလုပ်နည်းအရမဖြစ်သင့်ဟု ကျွန်တော့်အနေဖြင့် ယူဆပါသည်။ အကြောင်းမှာ အဆိုပါအားကစားကွင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးပြီး တရားဝင်ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်သဖြင့် ပြည်သူလူထု၏စိတ်တွင် ထိုအားကစားကွင်းသို့သွားရောက်ကစားခြင်းမှာ မည်သည့်ဥပဒေချိုးဖောက်မှုမျှမဟုတ်ဟုယူဆကြပါ သည်။ အကယ်၍အဆိုပါအားကစားကွင်းမှာ တည်ဆဲဥပဒေကိုချိုးဖောက်သည့်ပြစ်မှုကျုးလွန်နေ ကြောင်းတွေ့ရှိရလျှင် အထက်မှဖွင့်ခွင့်မပေးဘဲပိတ်ခိုင်းခြင်းကို အရင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့အထက်မှညွှန်ကြားခြင်းကို မလိုက်နာပါမှသာ လိုအပ်သလိုအရေးယူသင့်ပါသည်။ ယခုကဲ့သို့ ပိတ်ပင်ရန်အကြောင်းကြားခြင်းမရှိဘဲ အလစ်တွင်ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် အစိုးရဌာနတစ်ခု အပေါ်တွင်လည်းကောင်း၊ တရားဥပဒေအပေါ်တွင်လည်းကောင်း ပြည်သူလူထု၏ယုံကြည်မှုကို များစွာထိခိုက်စေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကိုပြန်လည်ရရှိရန်နှင့် အပြစ် မဲ့ပြည်သူအချို့နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးမြန်းပါသည်။
(သီပေါမဲဆန္ဒနယ်က ဦးရဲထွန်းရဲ့ကိုယ်စား တာချီလိတ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က မေးခွန်းမေးမြန်းပါသည်။)