(ဃ)-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ဒုရဲအုပ်လောင်း ဝင်ခွင့် စာမေးပွဲများ နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဒုရဲအုပ်အရာရှိအဖြစ် ဒုရဲအုပ်လောင်းများရွေးချယ် ခန့်ထားခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ ၁.၄.၁၉၉၁ ရက်စွဲပါစာအမှတ် ၁၀၀- ပရခ/၃/ရေး(၁) နဲ့ အရည်အချင်းသတ်မှတ်ပြဋ္ဌာန်းရာမှာ ရဲလက်စွဲပထမတွဲ အခန်း (၄) အပိုဒ် ၉ အရ အသက် ၄၀ နှစ်ထက်မကြီးသော တပ်တွင်းဘွဲ့ရဝန်ထမ်းများ ဒုရဲအုပ် လောင်းစာမေးပွဲဖြေဆိုခွင့်ရှိကြောင်း အချက် တစ်ချက်ပြဋ္ဌာန်းပါရှိပါတယ်။ သို့ရာမှာ ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုရဲအုပ်လောင်းများ လျှောက်လွှာခေါ်ယူရာ၌ ပြင်ပဘွဲ့ရအမျိုးသား အသက် ၂၇ နှစ်အောက်နဲ့ တပ်တွင်းဘွဲ့ရဝန်ထမ်း အသက် ၃၀နှစ်အောက်လို့ အသက်ကန့်သတ်ချက်နဲ့ ခေါ်ယူလျက်ရှိကြောင်းသိရှိရပါတယ်။ အသက် ၄၀ နှစ်ထက်မကြီးလို့သတ်မှတ်ထားရာမှ ၃၀ နှစ် အောက်လို့သတ်မှတ်လိုက်ခြင်းအားဖြင့် အသက် ၃၀ နှစ်ထက်ကျော်လွန်သော တပ်တွင်းဘွဲ့ရ ဝန်ထမ်း များအတွက် အခွင့်အလမ်းများဆုံးရှုံးသွားပြီလို့ ခံစားနေကြရကြောင်းကြားသိရပါတယ်။ သူတို့ဟာ တက္ကသိုလ်ဝန်ထမ်းအောင်မြင်ကတည်းက လစာပိုကောင်းတဲ့ တခြားသောဝန်ကြီးဌာနများထက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်လိုတဲ့ရည်မှန်းချက်နဲ့ ရိုးရိုးရဲတပ်သား အဖြစ်စတင် ဝင်ရောက်လာခဲ့ကြပါတယ်။ ရဲတပ်သားဘဝမှာလည်း နယ်စွန်နယ်ဖျားဒေသတွေ၊ သွားလာရေးခက်ခဲတဲ့ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ရင်းနဲ့ တက္ကသိုလ်တွေကဘွဲ့ တစ်ခုခုရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ကြရပါတယ်။ ရဲတပ်သားဘဝနဲ့ တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း နိုင်ငံတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် သစ္စာစောင့်သိတာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြပါတယ်။ တချို့မှာငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ရဲချုပ်နဲ့ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးများရဲ့ အမှုထမ်းကောင်းလက်မှတ်များတောင်ရရှိထားတဲ့ လူတွေပါဝင်နေပါတယ်။ ဝင်ခွင့်စာမေးပွဲတွေဖြေဆိုရာမှာလည်း ရောက်ရှိနေတဲ့နေရာဒေသအရ အခက်အခဲအကြောင်း အမျိုးမျိုးကြောင့် ဖြေဆိုခွင့်မရတာတွေရှိနိုင်သလို ကြိုတင်ပြင်ဆင်ကျက်မှတ်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ နည်းပါးတာကိုလည်းသူတို့ကြုံတွေ့ခဲ့ရပါတယ်။ သို့သော် ဘယ်လိုပဲ အခက်အခဲ ရှိစေကာမူ ၁၉၉၁ ခုနှစ်ကထုတ်ပြန်ထားတဲ့ နဂိုမူလသတ်မှတ်ပြဋ္ဌာန်းချက်အရ အသက် ၄၀ ပြည့် သွားတဲ့အထိ ဒုရဲအုပ်လောင်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ရရှိခဲ့ပြီးတော့ အောင်မြင်မှုမရခဲ့ဘူးဆိုရင် သူတို့အနေနဲ့ညံ့လို့ အရည်အချင်းမရှိ၊ မပြည့်မီလို့ မှတ်ယူလို့ ကျေနပ်လက်ခံကြပါကြောင်း၊ အခုတော့ အသစ်ထုတ်ပြန်လိုက်တဲ့အမိန့်၊ညွှန်ကြားချက်အရ အသက် ၃၀ စွန်းစွန်းကျော်ရုံမျှနဲ့ ဒုရဲအုပ်လောင်း ဝင်ခွင့်စာမေးပွဲကိုဖြေဆိုခွင့်မရတော့လို့ သူတို့ရဲ့ကြိုးစားထားသမျှတွေ၊ မျှော်လင့်ချက် ရည်မှန်းချက် တွေ ဖြစ်မလာနိုင်တော့တဲ့အတွက် စိတ်ပျက်မိကြောင်း ရင်ဖွင့်တင်ပြလာကြပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ တကယ်တော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံးဟာလည်း ကျွန်တော်တို့ရဲ့မဲဆန္ဒရှင်တွေပဲ ဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့ဝင်အတွင်းမှာ ဒီလိုမျိုးကြုံတွေ့ခံစားနေကြရသူတွေ များစွာရှိနိုင်ပါတယ်။ ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်နေတဲ့ခုလိုကာလမျိုးမှာ အရည်အချင်းရှိ သစ္စာစောင့်သိတာဝန်ကျေပွန်မှု၊ ကြိုးစားအားထုတ်ခဲ့မှုတွေနဲ့ သူတို့ရဲ့လုပ်သက်တွေကို အသိအမှတ်ပြုထောက်ရှုပြီး နည်းလမ်းရှာကြံ ဖြေလျှော့ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ သို့ဖြစ်ပါ၍ အသက် ၃၀ ကျော်သွားလို့ ဒုရဲအုပ်လောင်းဝင်ခွင့် စာမေးပွဲွဖေဆိုခွင့်မရတော့တဲ့ တပ်တွင်းဘွဲ့ရရဲဝန်ထမ်းများကိုယ်စား ဥက္ကဋ္ဌကြီး မှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်။ မေးခွန်း (၁) ယခုကျင့်သုံးဆောင်ရွက် နေသော ဒုရဲအုပ်လောင်း ဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ အရည်အချင်းပြဋ္ဌာန်းချက်များသည် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၏ ၁-၄-၁၉၉၁ ရက်စွဲပါစာအမှတ် ၁၀၀-ပရခ/၃/ရေး ၁ အရ ညွှန်းဆိုသော ရဲလက်စွဲ ပထမတွဲ အခန်း (၄) အပိုဒ် ၉ အရ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိဟုယူဆလျှင် မှန်ပါသလား။ မေးခွန်း (၂) ဒုရဲအုပ်လောင်းဝင်ခွင့်စာမေးပွဲွဖေဆိုကြရာတွင် တပ်တွင်းဘွဲ့ရ ဝန်ထမ်းများ၏ မျှော်လင့်ရည်မှန်းချက်၊ ကြိုးစားအားထုတ်မှု၊ နိုင်ငံတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ်သစ္စာစောင့်သိတာဝန်ကျေပွန်မှု၊ ရရှိခဲ့သောဆုတံဆိပ်များ၊ အမှုထမ်းကောင်းလက်မှတ်များ အတွက်ထည့်သွင်း စဉ်းစားခြင်းပြု၊ မပြုသိရှိလိုပါကြောင်း မေးမြန်းပါသည်။