(က)-အမ်း-တပ်တောင်ကားလမ်း ကျောက်ကတ္တရာခင်းလမ်း အဆင့်မြှင့်တင်ပေးရန်၊ ဂယ်လောင်းတံတား အား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန်၊ ရူးကျေးရွာနှင့် တပ်တောင် ကျေးရွာချင်းဆက် ကားလမ်း အဆင့်မြှင့်တင်ပေးရန်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အမ်း-တပ်တောင် ကားလမ်းဆိုတာ မူလက ကျောက်ကတ္တရာခင်းလမ်းဖြစ်ပါတယ်။ အရှည် ၂၄ မိုင် ၆ ဖာလုံရှိပြီးတော့မှ တပ်တောင်ကျေးရွာသည် အမ်းမြို့ပြီးရင် ဒုတိယလူဦးရေအထူထပ်ဆုံး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ အမ်း-တပ်တောင်ကားလမ်းမှာ ကျေးရွာ ၁၈ ရွာရှိပြီးတော့မှ လူဦးရေ ၈၀၀၀၀ ကျော်လောက်အသုံးပြုပါတယ်။ မူလက ကျောက်ကတ္တရာခင်းလမ်းဖြစ်သော်လည်း ပဲ ကျွန်တော်တို့ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ လမ်းအကျယ်ကို ၃၆ ပေအထိ ချဲ့ပြီးတော့မှ အဲ့ဒီလမ်းမှာရှိတဲ့ တံတားများကိုလည်း ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ခဲ့ပါတယ်။ သို့ရာတွင် ဘဏ္ဍာငွေကန့်သတ် ချက်ကြောင့် တချို့နေရာတွေမှာ ကွန်ကရစ်တံတားမခင်းခဲ့နိုင်ပါဘူး။ လမ်းအကျယ်ချဲ့တဲ့အတွက် ကြောင့်လည်း မူလကကျောက်ကတ္တရာခင်းလမ်းတွေဟာ မြေသားလမ်းအဖြစ် ဖြစ်သွားပါတယ်။ အဲ့ဒီ လမ်းဟာလည်းပဲ ကျွန်တော်တို့ အမ်းမြို့နယ်အပါအဝင် တချို့ကျောက်ဖြူမြို့နယ်ကနေမှ ရေထွက် ကုန်ပစ္စည်းများအဓိက ထားပြီးတော့မှ ပို့တဲ့လမ်းဖြစ်ပါတယ်။ အဲ့ဒီလမ်းမှာ တံတားတွေ မကောင်းတဲ့ အတွက် ခံနိုင်ဝန်အားမရှိတဲ့အတွက် တပ်တောင်ကျေးရွာကနေပြီးတော့မှ အမ်းမြို့နယ်မှာရှိတဲ့ လုံးကျေးရွာအထိ ကားအစား စက်လှေများနှင့် ဂဏန်းများ၊ ပုစွန်များ ပစ္စည်းများကို ပို့ပြီးတော့မှ အဲ့ဒီ လုံးကျေးရွာမှ အမ်းမြို့နယ်ကို ဖြတ်ပြီးတော့မှ ပြည်မကို ရေထွက်ကုန်ပစ္စည်းများပို့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒီလမ်းကို ယာဉ်များရာသီမရွေးသွားလာနိုင်အောင်ဆောင်ရွက်ပေးမယ်ဆိုရင် ဒေသ အတွက် အင်မတန်အကျိုးရှိပြီးတော့မှ စီးပွားရေးဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်မှာဖြစ်တဲ့ အပြင် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အလုပ်အကိုင်ရရှိရေးလည်း များစွာအထောက်အကူဖြစ်မှာဖြစ် တဲ့အတွက် ဒီလမ်းနှင့်ပတ်သက်ပြီးတော့မှ ပထမမေးခွန်းကတော့ ရခိုင်ပြည်နယ် အမ်း-တပ်တောင် ကားလမ်း ကျောက်ကတ္တရာခင်းလမ်းအဖြစ်  အဆင့်မြှင့်တင်ပေးပါရန်နှင့် အဲ့ဒီလမ်းမှာရှိတဲ့ အဓိကကျ တဲ့ ဂယ်လောင်းတံတားကိုလည်း သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါသဖြင့် မေးမြန်းအပ်ပါတယ်ခင်ဗျား။ ဒုတိယမေးခွန်းအနေနဲ့ကတော့ အဲ့ဒီ အမ်းမြို့နယ်မှာပါပဲ  ရူးကျေးရွာ ဆိုတာရှိပါတယ်။ သူကတော့ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်အစပ်ဖြစ်ပြီးတော့မှ မြေပုံမြို့နယ်မှ ကမ်းထောင်းကြီး နှင့်ဆက်သွယ်နိုင်ပြီးတော့မှ ဒီလမ်းသည်လည်းပဲ ရူး-တပ်တောင်ကားလမ်းသည် လည်းပဲ မြို့တွင်းလမ်းလို့ သတ်မှတ်လို့မရဘဲနှင့် ဒါကို မြို့နယ်ချင်းဆက်တဲ့လမ်း၊ ခရိုင်ချင်းဆက်သွယ် တဲ့လမ်းအဖြစ် ကျောက်ဖြူခရိုင်နှင့် မြေပုံခရိုင်ကို ဆက်သွယ်တဲ့လမ်းအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ နောင်မှာလည်းပဲ ဒီလမ်းကို အမှီပြုပြီးတော့မှ ရထားလမ်း မြေပုံမြို့နယ်ကနေမှ အမ်းမြို့နယ်ကို ဖောက်ထုတ်ဖို့လည်းပဲ အကြမ်းဖျင်း ရွေးချယ်စီစဉ်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီလမ်းဟာလည်းပဲ မူလကတော့ လူသွားလမ်းပဲ ဖြစ်ပါတယ်။ ဒေသမှာရှိတဲ့ ပြည်သူများ အစီအစဉ်နှင့် ကားလမ်း ဖောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အရှည်ကတော့ ၂၀ မိုင် ၃ ဖာလုံရှိပြီးတော့မှ လမ်းတစ်လျှောက်မှာ ကျေးရွာ ၁၅ ရွာရှိပါတယ်။ လူဦးရေ ၂၅၀၀၀ လောက်ရှိပါတယ်။ မိမိအစီအစဉ်နဲ့ဆောင်ရွက်ပြီးတော့မှ ဆောက်လုပ်ရေးလုပ်ငန်းကို လွှဲပေးခဲ့ပြီးတော့မှ ဆောက်လုပ်ရေးလုပ်ငန်းကလည်းပဲ ဆောက်လုပ်ရေး ပိုင်လမ်းအဖြစ် လက်ခံထားတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလမ်းဟာလည်းပဲ ဒေသအစီအစဉ်နဲ့ ဖောက်ရတဲ့အတွက် တံတားတွေက သစ်သားတံတားပဲ ဆောင်ရွက်နိုင်ပါတယ်။ လမ်းကိုလည်းပဲ မြေသားလမ်းတွေပဲ ဆောင်ရွက်နိုင်ပါတယ်။ နှစ်ကာလကြာလာတဲ့အတွက် လမ်းအချို့နေရာများမှာ ပျက်စီးမှုများ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် ရေထုတ်ပြွန်တွေ၊ တံတားနေရာမှာ ခက်ခဲတာဖြစ်တဲ့ အတွက် ဒီလမ်းကို ပြင်ပေးမယ်ဆိုရင်လည်းပဲ ကျွန်တော်တို့ မြို့နယ်အတွင်းသာမကပဲ ခရိုင်ချင်း ဆက်လမ်းအဖြစ်ပါ အသုံးပြုနိုင်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်းပဲ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးကျေးရွာနှင့် တပ်တောင်ကျေးရွာချင်းဆက် ကားလမ်းကို ကျောက်ကတ္တရာခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်သည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။