(စ)-မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေအခက်အခဲတို့အား ပြုပြင်ပြောင်းလဲရန် မည်ကဲ့သို့စီမံ ဆောင်ရွက်မည်နှင့် မည်သည့်အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

မန္တလေးပြည်သူ့ဆေးရုံကြီးဟာ အထက်မြန်မာပြည် မှာရှိတဲ့ ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတစ်ရုံဖြစ်ပြီး ပြည်သူတို့ အားကိုးအားထားပြုနေရသော ဆေးရုံကြီးတစ်ရုံလည်းဖြစ်ပါတယ်။ မန္တလေးဆေးရုံကြီးမှာရောဂါ အမျိုးအစားအလိုက် ကုသပေးလျက်ရှိရာ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်ဟာ လူနာခုတင်နှင့် လူနာခုတင်များအကြား ခုံတန်းလျားများနှင့် တက်ရောက်ကုသခံယူသူအများ စုစုပေါင်း လူနာ ၇၈ ဦးမှ ၈၀ ဦးအထိ တစ်ပြိုင်တည်းတက်ရောက်ကုသမှုခံယူနိုင်ပါတယ်။ အဆိုပါ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆောင်မှာ အများပြည်သူသွားလာမှုများတဲ့ မြန်မာတို့ရဲ့ နေ့ကြီးရက်ကြီးများဖြစ်တဲ့ မဟာသြင်္ကန်ရက်၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်လို နေ့ရက်ကြီးများမှာ မတော်တဆ ထိခိုက်မှုများကြောင့် တစ်ရက်တည်းနဲ့ လူနာ ၁၀၀ ကနေပြီး ၁၅၀ အထိရှိကြောင်းလည်း လေ့လာ တွေ့ရှိရပါတယ်။ ဒါ့အပြင် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဟာ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့ အပြား တိုးတက်သွားလာမှုများပြားလာခြင်းတို့ကြောင့်လည်း နေ့စဉ် မတော်တဆထိခိုက်မှုများ ပိုမိုများပြားလျက်ရှိပါတယ်။ ထိုသို့သော လူနာများထဲမှ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သည့်လူနာ များရှိသည့်အခါ ခွဲစိတ်သမားတော်ကြီးများ၊ ဆရာဝန်အင်အားနှင့် ကျန်းမာရေးဝန်ထမ်းအဆင်‌့ဆင့် တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါတယ်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသရာတွင် လူနာတစ်ဦးလျှင် အနည်းဆုံး ၂ နာရီခန့်ကြာတဲ့အတွက် ခွဲစိတ်ခန်းတစ်ခန်းမှာ ညပိုင်းမှသာ ခွဲစိတ်တဲ့အတွက် လူနာ ၄ ဦးကနေ ၅ ဦးအထိသာ ခွဲစိတ်ကုသ နိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။

          ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်ရောက်ကုသရန် နေ့အလိုက် ဖျားနာဆောင်၊ ကုသဆောင်များ သက်ဆိုင်ရာရောဂါကုသဆောင်များကို နေ့ရက်အလိုက် အလှည့်ကျတက်ရောက်ခွင်‌့ပြုထားသည့် စနစ်ဟာလည်း လူနာအင်အားနှင့် နေစရာထိုင်စရာမရှိ။ နေရာမရှိအဆောင်များသို့ အလှည့်ကျစနစ်ဖြစ်သည့်အားလျော်စွာ နေရာရှိရှိ၊ မရှိရှိ တက်ရောက် စေခိုင်းခြင်းကြောင့် ရောဂါရှင်ပြည်သူတို့မှာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ကြုံနေရကြောင်း ကြားသိနေရ ပါတယ်။ ဖြစ်ပေါ်နေသော တင်ပြပါအကြောင်းအရာတို့အား မန္တလေးပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ယခုအသစ်တည်ဆောက်လျက်ရှိသော အဆောက်အဦပြီးစီးပါကလည်း အထိုက်အလျောက်သာ ပြေလည်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် လူနာ နှင့်ဆရာဝန်မမျှတမှု၊ လူနာနှင့်ဆေးရုံနေရာမမျှတမှု၊ လူနာနှင့်ခွဲစိတ်ခန်းမမျှတမှု လူနာတို့ တက်ရောက် ကုသနေတဲ့ ဆေးရုံကြီးသန့်ရှင်းရေးမလုံလောက်မှုနှင့် အခြားအထွေထွေအခက်အခဲတို့အား ပြည်ထောင်စုအစိုးရအဖွဲ့မှသိရှိပါသလား။ သိရှိပါလျှင် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီးအား အထွေထွေပြုပြင်ပြောင်းလဲရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းနှင့် စီမံဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပြီး မည်သည့်အချိန်တွင် လုံလောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း လေးစားစွာမေးမြန်း ပါသည်။