(ဃ)-မွန်လူမျိုးတို့၏သုဝဏ္ဏဘူမိဒေသတစ်ခွင်တွင် သုတေသနလုပ်ငန်းများဆက်လက်တူးဖော်ခြင်းနှင့် မြန်မာ့ သမိုင်းအမွေအနှစ်စာရင်းဝင်အဖြစ်ထည့်သွင်းဖော်ပြပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
မွန်ပြည်နယ်ရှိ၊ ရှေးဟောင်းဒေသတစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိမြို့ဟောင်းဟုယူဆရသော သိုက်ကလား၊ အရပ်သည်မ၊ ဝင်းကမြို့ဟောင်းများတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေတူးဖော်သုတေသနပြုလုပ်ပေးရန် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မှာ တင်ပြမေးမြန်းခဲ့ပြီး ဖြေကြားချက်များကိုရရှိပြီးဖြစ်သော်လည်း လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများ ပီပြင်ပေါ်လွင်စွာမပြုလုပ်နိုင်ခဲ့သည်ကို သုံးသပ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါကိစ္စကို ဆက်လက်မေးမြန်းရန်ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
သုဝဏ္ဏဘူမိမြို့ဟောင်းသည် မြန်မာတစ်မျိုးသားလုံး၏ သမိုင်းအမွေအနှစ်အဖြစ်လည်းကောင်း၊ မွန်လူမျိုးများအတွက် သင်္ကေတပြယုဒ်တစ်ခုအဖြစ် လည်းကောင်း၊ ပျူယဉ်ကျေးမှုနှင့် မွန်ယဉ်ကျေးမှုတို့၏ပတ်သက်ဆက်နွယ်မှုကို ပေါ်လွင်ထင်ရှားစွာ သိရှိဖော်ထုတ်နိုင်ခြင်းဖြင့် တိကျခိုင်လုံသော ဖြေရှင်းချက်ပေးနိုင်မည့် နေရာဒေသတစ်ခုဖြစ်နိုင် ပါသဖြင့် အထူးအစီအစဉ်ဖြင့် တူးဖော်ပေးရန် သင့်တော်ပါကြောင်းအကြံပြုလိုပါတယ်။ သို့သော် ယခုအချိန်အထိ တူးဖော်ရှာဖွေ စုံစမ်းမှု အလွန်နည်းပါးသေးပါသဖြင့် အရှိန်အဟုန်မြှင့်တူးဖော်ရှာဖွေ နိုင်ရေးအတွက် စီမံကိန်းများတိုးမြှင့် ချမှတ်ပေးနိုင်ပါရန် အလေးအနက်တင်ပြလိုပါတယ်။ အဆိုပါ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများကို ရှာဖွေတူးဖော်ရာတွင်အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သုတေသီပညာရှင်များ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာတိုင်းရင်းသားပညာရှင်အစုအဖွဲ့တို့ကိုပါ လက်တွဲပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ဤကဲ့သို့ ပညာရှင်အစု အဖွဲ့စုံလင်ခြင်းအားဖြင့် တိကျသေချာခိုင်မာမှန်ကန်သောအဖြေများ ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် မူဝါဒများ၊ စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိနေပါကြောင်း ဖြေကြားထားပါသော် လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်မှုအားနည်းပါလျှင် ရှေးဟောင်းပစ္စည်းအချို့ တို့သည် မသမာသူလက်ဝယ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကြောင့်လည်း ရှေးဟောင်းအုတ်ခွက်များ၊ ကျောက်ခွက်များ၊ ကျောက်ပြားများနှင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်း ဟောင်းတို့သည် ပျောက်ဆုံးပျက်စီးခြင်းများဖြစ်နိုင်ပါသဖြင့် ကြိုတင်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ထားရန် အထူးလိုအပ်လှပါကြောင်း အကြံပြုတင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ မေးလိုသည့် မေးခွန်းမှာ သမိုင်းအထောက်အထား ခိုင်လုံစွာရှိနေသော မွန်လူမျိုးတို့၏ယဉ်ကျေးမှုအမွေအနှစ် များဖြစ်ထွန်းခဲ့သည့် သုဝဏ္ဏဘူမိဒေသတစ်ခွင်တွင် အထူးအစီအစဉ်ဖြင့် သုတေသနလုပ်ငန်းများ ဆက်လက်တူးဖော်ခြင်းနှင့် သမိုင်းအထောက်အထားများ တွေ့ရှိချက်များအပေါ်မူတည်၍ မြန်မာ့ သမိုင်းအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။