(ဆ)-အဆင့်မီသော မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဝယ်ယူရရှိရေးနှင့် အဆင်‌့မမီသော မြွေဆိပ်ဖြေဆေးများ ဝယ်ယူမသုံးစွဲမိအောင် မည်ကဲ့သို့ ကာကွယ်တားဆီးသင်‌့သည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

‌မြွေဆိပ်ဖြေဆေးနဲ့ ပတ်သက်လို့ဖြစ်ပါတယ်။ တောင်သူများ မြွေဆိပ်ဖြေဆေးလုံလောက်စွာ ဝယ်ယူ၍ မရနိုင်ခြင်းနှင့် တချို့မြွေဆိပ်ဖြေဆေးများသည် အဆင့်မမီ၍သေဆုံးမှုများရှိနေခြင်းနှင့်ပတ်သက်၍ မေးခွန်းမေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ တောင်သူများသည် အဆင့်မီသော မြွေဆိပ်ဖြေဆေးများကို ယခုတိုင်လုံလောက်စွာဝယ်ယူ၍ မရရှိသေးသည့်ပြဿနာများကို တင်ပြ နေခြင်းဖြစ်ပါတယ်။ ထို့အပြင် ဝယ်ယူရရှိသော တချို့မြွေဆိပ်ဖြေဆေးများသည် ၎င်းဆေးများကို သတ်မှတ်ချက်အတိုင်းထိုး၍ ချက်ချင်းမသေဆုံးသော်လည်း တစ်လလောက်ကြာတဲ့အခါမှာ ကျောက်ကပ်များပျက်စီး၍ သေဆုံးမှုရှိနေကြောင်းကိုလည်း ကြားသိရပါတယ်။၎င်းအဆင့်မမီသော မြွေဆိပ်ဖြေဆေးများကြောင့် ငွေလည်းကုန်၊ လူလည်းပန်းဖြစ်သည်သာမက နောက်ဆုံး အသက်ပင် ဆုံးရသည်အထိ အဖြစ်ဆိုးကိုကြုံတွေ့ရနေသည်ဟုကြားသိရပါတယ်။ ဒါ့ကြောင့် အဆင့်မီသော မြွေဆိပ်ဖြေဆေးလုံလောက်စွာဝယ်ယူရရှိရေးနှင့် အဆင့်မမီသော မြွေဆိပ်ဖြေဆေးများ ဝယ်ယူ မသုံးစွဲမိအောင် မည်ကဲ့သို့ကာကွယ်တားဆီးပေးမည်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားပေးပါရန် မေးမြန်းပါသည်။