(စ)-တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူများ ဆိုဒ်တူ၊ အရွယ်တူဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအွခေခံဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေ ထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟုပြဋ္ဌာန်းပါရှိပါတယ်။ နိုင်ငံတော်ကတရားဝင် သုံးစွဲနေသော ငွေကြေးကို အာမခံချက်ပေးထားခြင်းကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်၊ သောကစိတ်မရှိဘဲ ကျေနပ်မှုများဖြင့် သုံးစွဲလျက်ရှိကြောင်း တွေ့မြင်ရပါတယ်။ နိုင်ငံတော်တွင် တရားဝင်သုံးစွဲလျက်ရှိသော ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေစက္ကူများသည် အဟောင်းမှာ ဆိုဒ်ကြီးပြီး အသစ်မှာ ဆိုဒ်သေးများဖြစ်နေခြင်းကြောင့် အဟောင်း အသစ်ရောနှောနေရာတွင် ပုံသဏ္ဍာန်အရလည်းကောင်း၊ ရေတွက်ရာတွင်လည်းကောင်း၊ အခက်အခဲ များ ကြုံတွေ့နေကြရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တရားဝင်သုံးစွဲလျက်ရှိသော ၂၀၀ ကျပ် တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေကြေးများကို အချို့မှာ ဟောင်းနွမ်းနေခြင်း၊ အချို့မှာ ဖြူလျော့လျော့ဖြင့် အရောင်ပျက်နေခြင်းတို့ကြောင့် ဈေးဝယ်ဈေးရောင်းကိစ္စများတွင် မယူဘူး၊ မရဘူးဆိုပြီး စကားများ ရန်ဖြစ်သည့်အခြေအနေမျိုးလည်း ပေါ်ပေါက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအလို့ငှာ အောက်ပါမေးခွန်းများအား မေးမြန်းရခြင်းဖြစ်ပါသည်။ မေးခွန်း(၁) တရားဝင် သုံးစွဲလျက်ရှိသော ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေစက္ကူများကို ဆိုဒ်တူ၊ အရွယ်တူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ မေးခွန်း(၂) အဆိုပါဆိုဒ်ကြီးငွေစက္ကူ အဟောင်းများ အား ပြန်လည်သိမ်းဆည်းပြီး ဆိုဒ်တူ၊ အရွယ်တူငွေစက္ကူများ ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၃) တရားဝင်သုံးစွဲလျက်ရှိသော အဆိုပါငွေစက္ကူများအား ဆိုဒ်တူ၊ အရွယ်တူသုံးစွဲနိုင်ရေးအတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။