(ခ)-ပဲခူးမြို့နယ်တွင်နည်းပညာတက္ကသိုလ်၊ကွန်ပျူတာ တက္ကသိုလ်နှင့်ဆရာအတတ်သင်သိပ္ပံကျောင်းများ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှီနှင့်စပ်လျဉ်း သည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ရပ်ကွက်ကြီး ၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၈ အုပ်စုနှင့် ကျေးရွာပေါင်း ၂၂၉ ရွာ၊ လူဦးရေအားဖြင့် ၄၅၀၀၀၀ ခန့်ရှိပါသည်။ ဆက်စပ်မြို့နယ်များဖြစ်သော သနပ်ပင်၊ ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင် ၊ ဝေါ၊ ရွှေကျင်နှင့် ကျောက်တံခါး မြို့နယ်များတွင်လည်း လူဦးရေစုစုပေါင်း ၂၁ သိန်းကျော်ခန့်ရှိပါသည်။ တိုင်းအဆင့်ဆိုင်ရာ ရုံးများ၊ တိုင်းအဆင့် ပြည်သူ့ဆေး ရုံကြီး၊ ပဲခူး တက္ကသိုလ် စသည်တို့အပြင် မကြာမီပေါ်ထွန်းလာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး နှင့်အတူ မြို့ပြဆိုင်ရာအဆောက်အဦများ၊ အဆင့်မြင့်လူနေမှု စနစ်များနှင့် လူဦးရေတိုးတက်မှု များလည်း ရှိလာမည်ဖြစ် ပါသည်။ ယခင်အစိုးရလက်ထက်က တိုင်းစစ်ဌာနချုပ်ရုံး စိုက်ရာ တောင်ငူမြို့ ကိုဗဟိုပြုပြီး တိုင်းအဆင့်ဌာနဆိုင်ရာ ရုံးများ တောင်ငူမြို့ကို ပြောင်းရွှေ့စေခဲ့သည့် အတွက် တောင်ငူမြို့တွင် တောင်ငူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းများ ဖွင့်လှစ်ခဲ့ရာ ပဲခူးမြို့ကိုလည်း တိုင်းမြို့တော်အင်္ဂါရပနှင့်အညီ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဆရာအတတ်သင်သိပ္ပံများ ဖွင့်လှစ်ပေးမည်ဆိုပါက ပဲခူးခရိုင် အတွင်းရှိ ကျောင်းသားကျောင်းသူများ အနေဖြင့် ငွေကြေးကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်လူပင်ပန်းမှုသက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဆရာအတတ်သင် သိပ္ပံကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးမှာ ဖွင့်လှစ်ပေးမည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ကို သိရှိလိုပါကြောင်းမေးမြန်း ပါသည်။