(က)-မြန်မာနိုင်ငံတွင် ငါးတက္ကသိုလ် (Fisheries University) ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

 

ပြည်ထောင်စုမြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ အကြီးဆုံးသောကုန်းမြေအဖြစ် အအေးပိုင်း၊ အပူပိုင်း၊ သမပိုင်းရာသီဥတုအခြေအနေ တစ်ကြိမ်တည်းနဲ့ ၃ မျိုးစလုံးတည်ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်းမြေဧရိယာရဲ့ ၆ ပုံ ၁ ပုံဟာ ၆ လအထိရေအောက်မှာရှိပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့မြစ်ကြီးများဟာ မြစ်ငယ်များဟာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာရှိနေပါတယ်။ ဧရာဝတီမြစ်ကြီးဟာလည်း မြစ်ပေါက်ကြီး ၉ ပေါက်ရဲ့ လက်ယှက်ထိုး နေတဲ့ မြစ်လက်တက်ချောင်းငယ်များ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးကို ဖြစ်ပေါ်စေလျက်ရှိပါ တယ်။ ရေချိုငါးလုပ်ငန်းမှအဓိကဖြစ်တဲ့ အင်းကြီး၊ အင်းကောင်းပေါင်း ၃၅၀၀ ကျော်အပြင် ခေတ်အဆက်ဆက်ကတည်းကတည်ဆောက်ခဲ့တဲ့ ရေလှောင်ဆည်၊ ရေလွှဲဆည်များလည်း နိုင်ငံ တစ်နံတစ်လျားမှာရှိနေပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်ပေါင်း ၁၇၀၀ ကျော်ရှည်လျားတဲ့ မြန်မာ့ကမ်းရိုးတန်းဟာလည်း မြစ်ကြီး၊ မြစ်ငယ်များကပို့ချတဲ့ သဘာဝ မြေသြဇာများနဲ့ကြွယ်ဝနေတဲ့အပြင် ရေသတ္တဝါနှင့် အပင်များပေါက်ဖွားရာကျွန်းပေါင်း ၈၀၀ ခန့် ရှိပါတယ်။ ဒီလို ပေါကြွယ်ဝတဲ့ရေအရင်းအမြစ်တွေထဲမှာ ကျွန်တော်တို့ အားလုံးစားသုံးနေတဲ့ ငါးတွေရှိနေပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းဆိုင်ရာဥပဒေမှာ ငါးဆိုသည်မှာ ဘဝတစ်လျှောက်လုံး သော်လည်းကောင်း၊ ဘဝအစိတ်အပိုင်းသော်လည်းကောင်း ရေထဲတွင်နေထိုင်ကျက်စားသည်‌့ ရေသတ္တဝါအားလုံး၊ ယင်းတို့၏ဥများ၊ သားလောင်းများ၊ သားပေါက်ကောင်များ၊ မျိုးများကိုဆိုပါတယ်။ ဒီ အဓိပ္ပာယ်ရဲ့အဓိကကတော့ ငါးသတ္တဝါဟာ တစ်နည်းအားဖြင့် မိကျောင်း၊ လိပ်၊ ဖား၊ ဝေလနှင့် ရေနေနို့တိုက်မွေးမြူသော သတ္တဝါများ၊ ဂဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ကျောက်ပွင့်၊ သန္တာခက်စသည်ဖြင့် များပြားစွာတည်ရှိနေတာကိုတွေ့ရှိရပါတယ်။ အဆိုပါငါးများကို နည်းအမျိုးမျိုးထုတ်လုပ်သုံးစွဲခဲ့ရာမှာ ငါးလုပ်ငန်းဆိုင်ရာစာရင်းဇယားများအရ ၂၀၁၁ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄.၁ သန်းထုတ်လုပ် ခဲ့ကြောင်းသိရှိရပါတယ်။ ၂၀၁၀ ခုနှစ် ကုလသမဂ္ဂစားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ FAO ရဲ့အစီရင်ခံစာ ထဲမှာ ကျွန်တော်တို့ရဲ့ရေချို၊ ရေငန်ငါးဖမ်းလုပ်ငန်းဟာ ကမ္ဘာ့အဆင့် ၁၀၊ ရေချိုငါးဖမ်းလုပ်ငန်းမှာ ကမ္ဘာ့အဆင့် ၄၊ ငါးမွေးမြူရေးမှာ ကမ္ဘာ့အဆင့် ၁၂ ဖြစ်ကြောင်းဖော်ပြလေ့လာတွေ့ရှိရပါတယ်။ GDP ရဲ့ ရာခိုင်နှုန်းမှာလည်း ၇.၆၂ အဆင့် ၅ နေရာမှာရပ်တည်ခဲ့ပါတယ်။ ငါးကဏ္ဍမှာ နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်မှုကိုကြည်‌့မယ်ဆိုလည်း ယခင်နှစ်က အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်တင်ပို့ရောင်းချ ခဲ့ရပါတယ်။ ဒါတောင် စုစုပေါင်းငါးထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာတင်ပို့ရောင်းချရခြင်းဖြစ်ပါ တယ်။ ယခုကဲ့သို့တင်ပြနေခြင်းမှာ ပြည်သူပြည်သားများနေ့စဉ်အသားဓာတ်ကို ဖြည့်ဆည်းပေးနေတဲ့ ငါး၊ နိုင်ငံခြားဝင်ငွေတိုးတက်အောင် ရှာဖွေနိုင်တဲ့ငါး၊ ရာသီဥတုအလိုက်အမျိုးမျိုးမြောက်မြားစွာ ရှိနေတဲ့ငါးတွေရဲ့အရေးပါမှု၊ ပေါကြယ်ဝမှု၊ အလားအလာရှိမှုတွေကို အကျဉ်းချုပ်တင်ပြရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တော၊ စီးပွားရေးကဏ္ဍများတွင် တက္ကသိုလ်ပညာ ရှိနေသော်လည်း ဤကဲ့သို့နိုင်ငံအတွက် များစွာအရေးပါသည့် ငါးကဏ္ဍနှင့်ပတ်သက်သည့် ငါးတက္ကသိုလ်မရှိသေးကြောင်း သတိပြုတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါငါးလုပ်ငန်းနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ နော်ဝေ၊ ရုရှား၊ ဂျပန်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်စတဲ့နိုင်ငံများမှာလည်း ငါးတက္ကသိုလ်များ အသီးသီးဖွင့်လှစ်ပြီး သင်ကြားပို့ချလျက်ရှိပါတယ်။ ဒါကြောင့် ရှေ့အလားအလာကောင်းများရှိတဲ့ သားငါးကဏ္ဍအတွက် ငါးတက္ကသိုလ်ဖွင့်လှစ်ပေးရန်နှင့်ပတ်သက်၍ မေးမြန်းပါသည်။