(ခ)-မြောက်ဦးမြို့ရှိ လေယာဉ် ကွင်းဟောင်းအား ပြန်လည်ပြုပြင်မွမ်းမံ၍ လေယာဉ် ခရီးစဉ်ပြေးဆွဲ ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ ၁၉၇၈ ခုနှစ်မှစတင်ကာ ရန်ကုန်-စစ်တွေ-မြောက်ဦး လေယာဉ်ခရီးစဉ်များကို Twin Autor လေယာဉ်များွဖင့် ပျံသန်းပြေးဆွဲပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် လေယာဉ်ပျံသန်းမှုကိုရပ်နားထားခဲ့ရာ ယခုအချိန်အထိဖြစ်ပါတယ်။ မြောက်ဦး ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိသည့်နေရာဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသည်များ၊ သုတေသီများ၊ စာတမ်းပြုစုပြီး ပါရဂူဘွဲ့ယူမည့်ပုဂ္ဂိုလ်များ၊ ပြည်တွင်း ခရီးသွားများ အထူးစိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာကြသော ဒေသလည်းဖြစ်ပါတယ်။ ယခင် လေယာဉ်ပျံသန်းပြေးဆွဲစဉ်က ဒေသဖွံ့ဖြိုးမှုနှေးကွေးနေခြင်း၊ ခရီးသည်အဝင်/အထွက် နည်းပါးခြင်းများရှိခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ်ပိုမိုလာရောက် လည်ပတ်လျက်ရှိလာခဲ့ပါတယ်။ ယခု အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက်ခရီးသည် အဝင်/အထွက်ပိုမိုများလာကြောင်း လေ့လာသိရှိရပါတယ်။ သို့သော် ရေလမ်းနှင့် ကုန်းလမ်းကိုသာ အသုံးပြုရခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများရှိခဲ့၍ လျင်မြန်သောယာဉ်များဖြင့် ခရီးသွားလာလိုသူများရှိလာနေပြီဖြစ်သောကြောင့် ရပ်တန့်ထားတဲ့ လေယာဉ်ခရီးစဉ်ကို မြောက်ဦးမြို့သို့ပြန်လည်ပြေးဆွဲပေးနိုင်လျှင် နိုင်ငံခြားသားများအတွက်သာမက ပြည်တွင်းခရီးသွားများအတွက်ပါ အချိန်ကုန်၊ လူပင်ပန်းခြင်းမှ လွတ်မြောက်နိုင်မည်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ မြောက်ဦးမြို့အား ခရိုင်မြို့အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပြီဖြစ်သဖြင့် မြောက်ဦးမြို့မှာရှိတဲ့ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် အရာရှိကြီးများ၊ စစ်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းများဟာ အစိုးရကိစ္စများဖြင့်လည်းကောင်း၊ လုပ်သား ပြည်သူများဟာ ကိုယ်ရေးကိုယ်တာကိစ္စများဖြင့်လည်းကောင်း စစ်တွေ-သံတွဲ-ရန်ကုန်-နေပြည်တော် အထိ အချိန်တိုအတွင်းသွားရောက်နိုင်မည်ဖြစ်ပါတယ်။ ထို့ကြောင့် ယခင်ကအသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းကို ပြန်လည်မွမ်းမံပြင်ဆင်ပြီးအသုံးပြုလျှင် နိုင်ငံတော်အတွက်ကုန်ကျစရိတ် သက်သာပြီး ပြည်တွင်းပြည်ပခရီးသွားများအဝင်/အထွက်များလာခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာပိုမိုရရှိလာမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်စားရာမြောက်ဦးမြို့သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်ဝင်ထွက်နိုင်ရန် မြောက်ဦးမြို့ရှိလေယာဉ်ကွင်းဟောင်းကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရေးနှင့် လေယာဉ်ခရီးစဉ်များပြန်လည်ပြေးဆွဲပေးရေးကို ဒေသခံများ အထူးစောင့်မျှော်လျက်ရှိနေပါသောကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ မြောက်ဦးမြို့ရှိ လေယာဉ်ကွင်းဟောင်းအား ပြန်လည်ပြုပြင်မွမ်းမံ၍ လေယာဉ်ခရီးစဉ်ပြေးဆွဲပေးရန် အစီအစဉ် ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါသောကြောင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။