(က)-လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့ရှိ ခိုလန်မြို့နယ်ခွဲ သို့မဟုတ် မြို့တစ်မြို့ မြို့တွင် စီးပွားရေးဇုန်၊ စက်မှုဇုန်တည်ထောင်ပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏ကိုယ်စား လွိုင်လင် ခရိုင်နှင့် လင်းခေးခရိုင်တို့ရှိ ခိုလန်မြို့နယ်ခွဲ သို့မဟုတ် မြို့တစ်မြို့ မြို့တွင် စီးပွားရေးဇုန်၊ စက်မှုဇုန် တည်ထောင်ပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျား။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့သည် ဖွံ့ဖြိုးတိုးတက်မှုနှုန်းအလွန်နှေးကွေးလျက်ရှိပြီး ဆင်းရဲနွမ်းပါးသူများပြားလှပါသည်။ ဒေသခံပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများမရှိသဖြင့် စားဝတ်နေရေးဖြည့်တင်းရန် တစ်ဖက်နိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေရသောကြောင့် နိုင်ငံတော်၏ အရင်းအမြစ်များလည်း များစွာ ဆုံးရှုံးနစ်နာနေရပါသည်။ ၎င်းတို့မှာလည်း တစ်ဖက်နိုင်ငံတွင် သူများမလုပ်ချင်သော အလုပ်ကို လုပ်ကိုင်နေရသည့်အပြင် လူကုန်ကူးမှုကိုလည်း များစွာခံစားတွေ့ကြုံနေရပါသည်။ ဒေသခံပြည်သူ များမှာ မိမိတို့၏ဒေသတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်အတွက် စီးပွားရေးဇုန်၊ စက်မှုဇုန်များတည်ထောင်ပေးရန် လိုလားလျက်ရှိ ပါသည်။ လွိုင်လင်ခရိုင်နှင့်လင်းခေးခရိုင်တို့တွင် ကောက်ညှင်းစပါး၊ မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲပုတ်စေ့၊ ကြံတို့ထွက်ပါသည်။ ထို့အပြင် ရှောက်ချိုသီး၊ နာနတ်သီးနှင့် သံပုရာသီးတို့လည်း ထွက်ပါသည်။ ရော်ဘာလည်းစိုက်ပျိုး၍ရသည့်အပြင် ရှမ်းစက္ကူ ခေါ် မိှုင်းခံစက္ကူပြုလုပ်နိုင်သော လျှော်ပင်တစ်မျိုး လည်းရှိပါသည်။ ရှမ်းစက္ကူမှာ မီးပုံးပျံပြုလုပ်ရာတွင်လည်းကောင်း၊ စာများရေးသားရာတွင် လည်းကောင်း အသုံးပြုကြပါသည်။ ဂျပန်နိုင်ငံက အဆိုပါရှမ်းစက္ကူကို စိတ်ဝင်စားနေကြောင်း၊ အဆင့်မြှင့်၍ပြုလုပ်လျှင် ဈေးကွက်ဝင်ကြောင်းကိုလည်း သိရှိရပါသည်။ နွားမွေးမြူရေးလည်း အောင်မြင်ကြောင်း လေ့လာတွေ့ရှိရပါတယ်ခင်ဗျား။ ထိုခရိုင်နှစ်ခုတွင် အရှေ့အလယ်ပိုင်းတိုင်း တည်ရှိရာ ခိုလန်မြို့နယ်ခွဲတွင် စီးပွားရေးဇုန်၊ စက်မှုဇုန်ပြုလုပ်ရန် သင့်လျော်ပါသည်။ ခိုလန်မြို့နယ်ခွဲ တွင် အရှေ့အလယ်ပိုင်းတိုင်းတည်ရှိပြီး လျှပ်စစ်မီး ၂၄ နာရီရရှိပါသည်။ ခုတင် ၁၀၀ ဆံ့ဆေးရုံ အထူးကုသမားတော်များနှင့် (က)အဆင့်ရှိ ရဲစခန်းရှိပါသည်။ ရိုးရိုးတည်းခိုခန်း ၂ ခုရှိပြီး ဟိုတယ် ဆောက်လုပ်ရန် လုပ်ငန်းများစတင်နေကြောင်းသိရှိရပါသည်။ ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး၊ မိုင်းဆတ်မြို့နယ်ခွဲတွင် ခနောက်စိမ်းနှင့် ဘိလပ်မြေထုတ်ရန် ကုန်ကြမ်းအမျိုးမျိုး၊ သတ္ထုအမျိုးမျိုး လည်းထွက်ရှိပါသည်။ ရှေးဟောင်းယဉ်ကျေးမှုနယ်ပယ်များလည်းရှိပါတယ်။ လုပ်သားအင်အားများ စွာဖြည့်တင်းနိုင်သော အထည်ချုပ်လုပ်ငန်းလည်း ပြုလုပ်နေပါသည်ခင်ဗျား။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာပြီဖြစ်ပါသည်။ ခိုလန်မြို့နယ်၏ အရှေ့ဘက်တွင် မိုင်းရှူး၊ အနောက်ဘက်တွင် မိုးနဲနှင့် ကျိုင်းတောင်းမြို့ရှိပြီး၊ တောင်ဘက်တွင် ကွန်ဟိန်းမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့ရှိပါသည်။ လွိုင်လင်-ပန်ကေတုမှ သီပေါသို့ သွားသောလမ်းမိုင် အရှည် ၁၄၄ မိုင်မှ တရုတ်နိုင်ငံသို့လည်းကောင်း၊ ခိုလန်မြို့နယ်ခွဲမှ တာချီလိတ်သို့ ၁၇၄ မိုင်မှ ထိုင်း နိုင်ငံသို့လည်းကောင်း ကူးသန်းရောင်းဝယ်မှုပြုလုပ်နိုင်ပါသည်။ ခိုလန်-မိုင်းရှူးမှတစ်ဆင့် ရှမ်းပြည် မြောက်ပိုင်းသို့လည်း သွားနိုင်ပါသည်။ နိုင်ငံတော်မှ အနည်းငယ်ဖြည့်တင်းပေးရုံဖြင့် စီးပွားရေးဇုန်၊ စက်မှုဇုန်များ အောင်မြင်စွာထူထောင်နိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုများကလည်း မိမိဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန် အထူးစိတ်ဝင်စားလျက်ရှိပါသည်။ သို့ပါသောကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါ သည်။ (၁) ရှမ်းပြည်နယ်တောင်ပိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လွိုင်လင်ခရိုင်နှင့် လင်းခေး ခရိုင်တို့ရှိ ခိုလန်မြို့နယ်ခွဲ သို့မဟုတ် မြို့တစ်မြို့ မြို့တွင် စီးပွားရေးဇုန်၊ စက်မှုဇုန်တည်ထောင်ပေးနိုင်ပါ မည်လားနှင့် မပြုလုပ်ပေးနိုင်ဟုဆိုပါက အဘယ်ကြောင့်ပါနည်း ဟုမေးမြန်းပါသည်။