(ဂ)-မြေပုံ-ကံသာ-ကပိုင်လမ်းနှင့် ယင်းလမ်းပိုင်းရှိ ပေ ၁၈၀ အထက် တံတား ၂ စင်း တည်ဆောက်ခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဟာ ကျွန်းဆွယ်တှေနဲ့ ဖွဲ့စည်းထားပြီးတော့ ကျွန်းတစ် ကျွန်း၊ ရွာတစ်ရွာဆိုသလိုပဲ လမ်းပန်းဆက်သွယ်ရေးဟာ အလွန်ခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြေပုံမြို့ဟာဆိုရင်လည်းပဲ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်စွန်းမှာ တည်ရှိပြီးတော့ အနီးဆုံးဖြစ်တဲ့ မင်းပြားမြို့နယ်နဲ့တောင်မှ ကားလမ်းအဆက်အသွယ်မရှိပါဘူး။ အဲ့ဒီလို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကုန်စည်စီးဆင်းမှုနှေးကွေးပြီးတော့ ဒေသရဲ့ စားဝတ်နေရေးဟာ လည်း အလွန်ကြပ်တည်းတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့နယ်ကို တချို့က မြေပုံမှာ ကားလမ်းအဆက်အသွယ်မရှိတဲ့မြို့ဟာ မြေပုံမြို့ပဲလို့ ပြောကြပါတယ်။ အဲလို အဘက်ဘက် က နိမ့်ကျနေတဲ့ အထဲမှာ ၂၀၁၂  ဂီရိမုန်တိုင်းဒဏ်ကြောင့် မြေပုံမြို့ရဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဟာ အခုထက်ထိ နလန်မထူအောင်ဖြစ်ကြရပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်အစိုးရ သစ်တက်လာပြီးတော့ ကျွန်တော်တို့ မြေပုံမြို့နယ်နှင့် ပတ်သက်ပြီးတော့ နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့အစည်းကနေပြီး မြေပုံမြို့နယ်နှင့်ပတ်သက်တဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ စီမံချက်နှစ်ခုကို အတည်ပြုခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တက်ရောက်ပြီးမိန့်ခွန်း ပြောခဲ့ပါတယ်ခင်ဗျား။ အဲဒီအစည်းအဝေးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဒုတိယဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ စာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူ များ တက်ရောက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အထူးစီမံကိန်း ၁၉ ခုကို စာလုံးမဲကြီးတွေနဲ့ အထင်အရှားပြသခဲ့တဲ့အတွက် ဒီသတင်းကို ကြားရတော့ ကျွန်တော်တို့ မြို့နယ်က ပြည်သူတွေဟာ တော်တော်ကို ဝမ်းသာပီတိဖြစ်ကြရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ခဲ့ရပါ တယ်။ အဲဒီလမ်းနှစ်ခုကတော့ (၁) မြေပုံ-ကံသာ-ကပိုင်လမ်း ဖောက်လုပ်ခြင်းနှင့် (၂) မြေပုံ-ကံသာ- ကပိုင်လမ်းပေါ်ရှိ ပေ ၁၈၀ အထက်တံတားနှစ်စင်းတည်ဆောက်ခြင်း စီမံကိန်းနှစ်ခုဖြစ်ပါတယ်။ အဲ့ဒါကို အထူးစီမံကိန်းအဖွဲ့က အကောင်အထည်ဖော်ပေးတဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ အားရ ဝမ်းသာလည်းဖြစ်တယ်။ မျှော်လင့်လည်း မျှော်လင့်ခဲ့တယ်။ အဲ့ဒီလို ဖြစ်တဲ့အချိန်မှာ ၂၃-၄-၂၀၁၁ အဲ့ဒီ သတင်းစာမှာလည်း စာလုံးမဲကြီးတွေနဲ့ အထင်အရှားဖော်ပြထားပါတယ်။ အဲ့ဒီလမ်းနှင့်ပတ်သက်ပြီး တော့ ရခိုင်ပြည်နယ် ပင်လယ်ကမ်းနားမြို့ဖြစ်သည့် မြေပုံမြို့မှ ရန်ကုန်-စစ်တွေကားလမ်းနှင့် ဆက်စပ် ၍ ဒေသအသီးသီးသို့ သွားလာနိုင်ရန် ရည်ရွယ်လျက် မြေပုံ-ကံသာ-ကပိုင်လမ်းကို ကတ္တရာလမ်းသစ် အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းအရှည် ၁၂ မိုင် ၄ ဖာလုံရှိပြီး ပေ ၁၅၀ အကျယ်ရှိ တဲ့ ပဲကောက်ချောင်းတံတား၊ ပေ ၁၀၈၀ အကျယ်ရှိတဲ့ ပြွန်ရှည်ချောင်းတံတား၊ ပေ ၂၃၇၂ ပေ အကျယ် ရှိတဲ့ ကျောင်းဂမော်မြစ်ကူးတံတား အဲ့ဒီတံတားတွေကို သံကူကွန်ကရစ် နှစ်ထပ်လမ်းအဖြစ်၊ သံပေါင် နှစ်လမ်းသွားအဖြစ် အခိုင်အမာတည်ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါ တယ်။ ဒါပေမယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၂-၂၀၁၃  ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်တင်ပြခြင်းဆိုတဲ့စာအုပ် စာမျက်နှာ ၉ မှာ အမှတ်စဉ် ၁၆ မြေပုံ-ကံသာ-ကံပိုင်လမ်း ခန့်မှန်းတန်ဖိုး သန်း ၂၀၀၀ ဟု ဖော်ပြထားရှိပြီးတော့ ၁၀၀ ရာခိုင်နှုန်း လွှတ်တော်က ဖြတ်တောက်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီလိုအထူးစီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့က အတည်ပြုထားတဲ့ မြေပုံမြို့နယ်အတွက်လည်း တကယ်တမ်း လိုအပ်နေတဲ့ အထီးကျန်ဆန်ပြီး ထွက်ပေါက်မရှိတဲ့ဒေသကို မျှော်လင့်နေတဲ့ ဒီလမ်းကိုမှ ရွေးပြီးတော့ လွှတ်တော်က ၁၀၀ ရာခိုင်နှုန်းဖြတ်တောက်တယ်ဆိုတာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ လွှတ်တော်က ဖြတ်တောက်တယ်ဆိုရာမှာလည်း ကျွန်တော်တို့က လွှတ်တော်ဘတ်ဂျက်ကတော့ အကောင်အကြီးတွေကို ပစ်တာပါ။ ဘယ်လိုလုပ်ပြီးတော့ နှံပြည်စုတ်ငှက်ကို သွားမှန်သလဲတော့ မပြော တတ်ပါဘူး။ သိပ်ပြီးတော့ စိတ်ဆင်းရဲရပါတယ်။

အဲ့ဒါကြောင့် ကျွန်တော် မေးလို တာကတော့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ နိုင်ငံတော်၏ အထူးစီမံကိန်း လမ်းတစ်ခုဖြစ်တဲ့ မြေပုံ-ကံသာ-ကပိုင်လမ်းအား ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်ပါမည်နည်း။ စီမံကိန်းရပ်စဲသည်ဆိုပါက မည်သည်‌့ အတွက်ကြောင့် ရပ်စဲပါသနည်း။ အခြားမြို့နယ်နှင့်ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိ သော မြေပုံမြို့အား လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလာအောင် နိုင်ငံတော်က မည်သို့ကူညီ ဆောင်ရွက်ပါမည်နည်းသိလိုပါသည်ဆိုပြီးတော့ ၉-၁-၂၀၁၃ ရက်နေ့က မေးခွန်းလွှာ တင်သွင်းခဲ့ပါ တယ်။ အခုတင်ပြခဲ့တာတွေကလည်း ဒီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း အပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်တင်ပြခြင်းမှာပါတဲ့ မြေပုံ-ကံသာ-ကပိုင်လမ်းအား လွှတ်တော်က ၁၀၀ ရာခိုင်နှုန်းဖြတ်တောက်ဆိုတဲ့အပေါ်မှာ အခြေခံပြီး ဆွေးနွေးခြင်းဖြစ်ပါတယ်။

မေးခွန်းလွှာ တင်သွင်းပြီးနောက်တစ်နေ့ ၁၀-၁-၂၀၁၃ မှာ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုလျာထားချက်၊ ၂၀၁၃-၂၀၁၄ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်မူကြမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်များ လက်ထဲသို့ ဖြန့်ဝေခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တည်ဆောက်ရေးငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်စာမျက်နှာ ၄၉ မှာ မြေပုံ-ကံသာ-ကပိုင်လမ်းအတွက် သန်း ၅၀၀ အဆိုပြုထားပြီး သန်း ၁၀၀ ကိုပဲ ခွင့်ပြုခဲ့တာကို တွေ့ရပါတယ်။ မြေသားလမ်း ၄ ဖာလုံအတွက်လို့ ဖော်ပြထားတာကို တွေ့ရ ပါတယ်။ မြေသားလမ်း ၄ ဖာလုံ အထူးစီမံကိန်း ဒီအတိုင်းဆိုရင် တစ်မိုင်ကို ၂ နှစ်၊ ၁၂ မိုင် ၄ ဖာလုံ ဆိုတော့ ၂၅ နှစ် ကျောက်ခင်းမယ်၊ ကတ္တရာခင်းမယ် အဲ့ဒီလိုဆိုရင်တော့ ဒီလမ်းက ကျွန်တော်တို့ တစ်သက်ကားတွေစီးရမှာ မဟုတ်တော့ပါဘူး။ ဘာနှင့်တူသလဲဆိုတော့ တကယ်တမ်းလိုအပ်နေတဲ့ နေရာမှာ ဒီလောက်အရေးကြီးတဲ့ မြို့နှင့်အဆက်အသွယ်ပြတ်နေတဲ့ မြို့နယ်တစ်ခုကို ဒီလို ၄ ဖာလုံ အထူးစီမံကိန်းကြီးလုပ်ခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်နေတဲ့လူကို ကွမ်းရွက်ပြုတ်ရေနှင့် ဆားခတ် တိုက်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်မူကြမ်းမှာ နောက်ဆက်တွဲ စာမျက်နှာ ၃၉၉ မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြွန်ရှည် တံတားအတွက် သန်း ၃၂၄၀ ၊ ပဲကောက်ချောင်းတံတား သန်း ၂၅၅၀၊ ကျောင်းဂမော်တံတားအတွက် သန်း ၈၃၂ သန်းတို့ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လျာထားရေးဆွဲထားတာကို တွေ့ရ၍ မျက်ရည် လည်မတတ်ဝမ်းသာမိပါတယ်။ ဝန်ကြီးဌာနကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လျာထား ချက်မူကြမ်းဖြစ်လို့ ၁၀၀ ရာခိုင်နှုန်းနဲ့တွေ့မှာကိုလည်း စိုးပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါနိုင်ပါစေ လို့လည်း ဆုတောင်းပါတယ်ခင်ဗျား။

ဝမ်းသာလိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေတဲ့ ဒီမြေပုံ-ကံသာ-ကပိုင်လမ်းနှင့် ပတ်သက်လို့ အခြေအနေအပြောင်းအလဲအရ မေးခွန်းကို အနည်းငယ်ပြောင်းလဲပြီးတော့ မေးလိုပါ တယ်။ နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြေပုံ-ကံသာ-ကပိုင်လမ်းအား မည်သည်‌့ခုနှစ်တွင် အပြီးသတ်ဆောင်ရွက် ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။