(ဃ)-တံတားဦးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လမ်းများဖြည့်ဆည်းပြင်ဆင် တည်ဆောက် ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
ကျွန်မတို့ တံတားဦးမြို့နယ်ဟာ အင်းဝ မင်းနေပြည်တော်ဟောင်းတည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို လာရောက်ပြီးတော့ လေ့လာတဲ့အခါ ကမ္ဘာလှည့်ခရီးသည်တွေ နေ့စဉ်အမြောက်အမြားလာရောက် လည်ပတ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ရှိပြီးတော့ ဟိုတယ်ဇုန်၊ စက်မှုဇုန်များလည်း တည်ဆောက်ရန်အတွက် စီမံကိန်းများရှိတယ်လို့ ကြားသိနေရပါတယ်။ အခု အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဖောက်လုပ်စဉ်က တံတားဦးမြို့နယ်က တောင်သူမိသားစု ၄၅၀ ကျော်ခန့် လုပ်ကိုင်စားသောက်နေရတဲ့ လယ်ယာွမေဧကပေါင်း ထောင်ချီပြီးတော့ လမ်းွမေ အတွက် သိမ်းဆည်းခံခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ တောင်သူတွေဟာ လမ်းကောင်းကောင်းအသုံးပြုခွင့် ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုခွင့် မရခဲ့ကြပါဘူး။ မောင်းနှင်မိမယ်ဆိုရင်လည်းပဲ ဒဏ်ကြေးပေးဆောင်နေရပါတယ်။ ဒီအမြန်လမ်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့အခက်အခဲတွေ၊ လိုအပ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အများစုဟာ အကြိမ်ကြိမ်မေးမြန်းဆွေးနွေးနေရပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ အမြန်လမ်းမပေါ် ဆိုင်ကယ်၊ ထော်လာဂျီမောင်းနှင်ခြင်းဟာ မောင်းနှင်သူအတွက် အသက်နဲ့ရင်းပြီး မောင်းနှင်နေကြရ တာပါ။ ဥပဒေအရ ဒဏ်ကြေးပေးဆောင်ရမယ်ဆိုတာကို သိပေမယ့်လည်းပဲ မိမိရဲ့အသက်နဲ့ရင်းပြီး ဥပဒေကို ချိုးဖောက်မောင်းနှင်ခြင်းဟာ မောင်းနှင်သူအတွက် မလုပ်မဖြစ်လုပ်နေရတဲ့ စွန့်စားမှုတစ်ခု လိုပဲ ဖြစ်နေပါတယ်။ ဒီလိုမောင်းနှင်ခြင်းနဲ့ ဥပဒေကို မချိုးဖောက်လိုကြပါဘူး။ ဒါကို ဖြေရှင်းဖို့ရာ အတွက် တစ်နည်းအားဖြင့် ဒီဥပဒေကို ကျွန်မတို့ ပြည်သူတွေ လိုက်နာနိုင်ဖို့ရာတွင် အမြန်လမ်းမကြီးနဲ့ အပြိုင် ကျေးလက်သုံးလမ်းများ ဖောက်လုပ်ပေးရန် လိုအပ်လာပါတယ်ရှင်။ ပြီးခဲ့တဲ့အပတ်ထဲက ဥက္ကဋ္ဌကြီးရဲ့ နွားထိုးကြီးခရီးစဉ် ပြည်သူတွေရဲ့ တင်ပြချက်မှာ မြို့သုံးမိုင်အတွင်းမှာ လမ်းအသုံးပြု နိုင်အောင်စီစဉ်ပေးဖို့ ပါရှိပါတယ်။ ဒါဟာ ကျေးရွာ လေး၊ ငါးရွာအတွက်ပဲ အဆင်ပြေမှာဖြစ်ပါ တယ်ရှင်။ ဒါ့အပြင် အမြန်လမ်းမမှ Under Pass များဟာလည်း မိုးရာသီအချိန်မှာ တစ်ပေကနေ နှစ်ပေကျော်သုံးပေအထိ ရေနစ်မြုပ်နေပါတယ်။ ဒီလို ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းလုပ်ကွက်တွေ လည်းပဲ ပျက်စီးနေရပါတယ်။ ဒီလမ်းနဲ့ ပတ်သက်ပြီးတော့ ပဉ္စမကာလတိုငါးနှစ် အမျိုးသားစီမံကိန်း ထဲမှာ ပြုပြင်ရန်ပါရှိတဲ့ Under Pass လမ်းများအပြင် ပြုပြင်သင့်တဲ့လမ်းများလည်း ကျန်ရှိနေပါသေး တယ်ရှင်။ Under Pass အမှတ်(၁/၃၄၄)၊ (၅/၃၄၁)၊ (၂/၃၄၂)၊ (၂/၃၄၆)၊ (၃/၃၄၈)၊ (၃/၃၄၉)၊ (၂/၃၅၀)၊ (၁/၃၅၅) အမှတ် ၈ ခုဟာ ပြင်ဆင်တိုးမြှင့်ဖို့အတွက် လိုအပ်နေတဲ့ Under Pass တွေ ဖြစ်ပါတယ်။ ဒီ Under Pass တွေရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေဟာလည်းပဲ အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် လိုအပ်နေပါတယ်။ ဥပမာပြောရမယ်ဆိုရင် Under Pass အမှတ် (၅/၃၄၁) အရှေ့ဘက်မှာရှိတဲ့ မိုးကြိုးတွင်းရွာကို သွားတဲ့လမ်း၊ အနောက် ဘက်မှာရှိတဲ့ မြင်းစိုင်းရွာကိုသွားတဲ့လမ်း ဒီမြင်းစိုင်းရွာကို သွားတဲ့လမ်းဟာဆိုရင် ဆိုင်ကယ်တစ်စီး စာကိုပဲ မောင်းနှင်ဖို့ဟာ အင်မတန်ခက်ခဲနေပါတယ်။ လမ်းမကြီးဟာမြင့်မားပြီးတော့ ရွာထဲကို ဆင်းတဲ့ အခါမှာ တက်တဲ့အခါမှာ ခက်ခဲစွာဆင်းရတက်ရပါတယ်။ ဒါဟာ အလွန်အင်မတန် အန္တရာယ်ကြီးမား လှပါတယ်။ အဲဒီလိုရွာလမ်းတွေကို အမြန်ဆုံးအဆင့်တိုးမြှင့် ပြုပြင်ပေးသင့်ပါတယ်ရှင်။ ဒါမှသာ ဒေသခံပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ကုန်စည်စီးဆင်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ ရွာများရဲ့ တိုးတက်မြင့်မားမှုဟာ မြို့နယ်ရဲ့ တိုးတက်မှုဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုသို့လည်း ကိုယ်စားပြုမှာဖြစ်ပါတယ်ရှင်။ ဒါကြောင့်မို့လို့ လယ်ယာမြေသိမ်းဆည်းခံ လမ်းပျောက်နေသော ရွာသူရွာသားများကိုယ်စား သိရှိလို သည်မှာ စီးပွားရေး၊ လူမှုရေး ကမ္ဘာ့နိုင်ငံတွေနဲ့ စီးပွားရေး၊ လူမှုရေး ဆက်သွယ်ရေးအပါအဝင် အဘက်ဘက်ကနေ အချက်အခြာကျနေတဲ့ တံတားဦးမြို့လေးအတွင်းမှာရှိတဲ့ အမြန်လမ်းမကြီးနဲ့ အပြိုင်ကျေးရွာသုံးလမ်းများကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ Under Pass များ ပြုပြင် ပေးရန်၊ ရွာလမ်းများ အဆင့်မြင့်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနဲ့ရှိပါက မည်သည့်အချိန်မှာ စတင်မယ်ဆိုတာကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါသည်။