(စ)-အုတ်တွင်းမြို့နယ် ညောင်ခြေထောက် ကျေးရွာရှိ ကြောင်ပိန်ချောင်း ရထားကူးလမ်းတံတားအား ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ရန် ပြုပြင်ပေးရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာဆိုလို့ရှိရင် ကျွန်တော်တို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကနေပြီးတော့ တည်ဆောက်ထားတဲ့ ရထားလမ်းကူးတံတားအမှတ် ၂၂၀ ဟာဆိုလို့ရှိရင် ကြောင်ပိန်ချောင်းကိုဖြတ်ပြီးတော့ ဆောက်လုပ်ထားပါတယ်။ အဲ့ဒီတံတားဟာဆိုလို့ရှိရင် ကျွန်တော်တို့ မြေပြင်ကနေအထက် ၄ ပေ ၆ လက်မပဲရှိပြီးတော့ တံတားရဲ့အကျယ်ဟာဆိုလို့ရှိရင် ပေ ၃၀ ခန့် ရှိပါ တယ်။ အဲ့ဒီတံတားကို ကျွန်တော်တို့အုတ်တိုင်ကြီး ၂ တိုင်နဲ့ ထောက်ပြီးတော့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီတံတားတွေရဲ့ ခန်းဝင်အကျယ်ကတော့ ၁၀ ပေနီးပါးခန့်ရှိပါတယ်။ အဲ့ဒီကြောင်ပိန် ချောင်းဟာဆိုလို့ရှိရင် မိုးရွာတဲ့အခါမှာ တောင်ကျချောင်းရေတွေကျလာပြီးတော့ အဲ့ဒီတောင်ကျ ချောင်းမှာဆိုလို့ရှိရင် အတူပါလာတဲ့သစ်တုံးကြီးတွေ၊ အကိုင်းအခက်တွေ၊ အမှိုက်သရိုက်တွေဟာ ဆိုလို့ရှိရင် စောစောကတင်ပြထားတဲ့ တံတားကြီးရဲ့အုတ်တိုင်တွေမှာသွားပြီးတော့ ငြိပြီးတော့ ရေစီး ရေလာအတွက်အနှောင့်အယှက်ဖြစ်ကာ ကျွန်တော်တို့ အဲ့ဒီရေတွေဟာဆိုလို့ရှိရင် ချောင်းတွင်းကရေ တွေဟာ မြို့တွင်းကိုဖြတ်ပြီးတော့ မြို့မှာရှိတဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေမှာသွားပြီးတော့ကြီး ပါတယ်။ ရေကြီးတဲ့အပြင်ကျွန်တော်တို့ အိမ်ခြေ ၄၀၀ကျော်ရှိပါတယ်။ လူဦးရေအားဖြင့် ၂၀၀၀ ကျော် ရှိတဲ့ အဲ့ဒီအိမ်တွေအထိပါ ရေကဝင်ရောက်တဲ့အတွက် ကျွန်တော်တို့ အသက်အိုးအိမ်လည်း ထိခိုက်စရာအကြောင်းရှိပါတယ်။ နောက်လမ်းတွေပျက်တယ်။ စာသင်ကျောင်းတွေပျက်တယ်။ ဒါ့အပြင် ကျွန်တော်တို့ရထားလမ်းတွေ ရေကျော်တဲ့အတွက်ကြောင့်မို့လို့ ရထားဟာဆိုလို့ရှိရင် အဲ့ဒီတံတားမှာရေကြီးပြီဆိုတာနဲ့ ရထားတွေခဏခဏရပ်ပြီးတော့ ခရီးသွားပြည်သူတွေအတွက် စိတ်အနှောင့်အယှက်များစွာဖြစ်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို မြို့ခံ၊ ဒေသခံပြည်သူ တွေကနေပြီးတော့ တောင်းဆိုချက်အရ ကျွန်တော်တို့ အဲ့ဒီတံတားကြီးကို အမြန်ဆုံးပြုပြင်စေလိုပါ တယ်။ တံတားရဲ့အုတ်တိုင်တွေကို ကျွန်တော်တို့ ဖြောင့်ဝင်သော်လည်းကောင်း၊ အခြေက ၄ ပေ ၆ လက်မပဲအမြင့်ရှိတဲ့အတွက်ကြောင့် အင်မတန်မှကျဉ်းတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီဥစ္စာကို အမြင့်ပဲ ထားထား သို့မဟုတ် အခြားနည်းပညာနဲ့ပဲဖြစ်ဖြစ် အကူအညီပေးစေလိုကြောင်း ဒေသခံပြည်သူတွေရဲ့ လိုလားချက်အရ ကျွန်တော်အောက်ပါမေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ ဒီရထားလမ်းကူးတံတားအမှတ် ၂၂၀ အား ပြုပြင်ပေးရန် အခြေအနေရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ပြုပြင်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ပြုပြင်မယ် ဆိုတာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။