(ဃ)-မန္တလေးမြို့၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ လုပ်အားရတနာဖိနပ်ချုပ်သမဝါယမအသင်းပိုင်မြေနှင့် အဆောက်အဦအား မတရားသိမ်းယူလေလံတင်ရောင်းချခဲ့မှုအတွက် တရားမျှတစွာဆောင်ရွက်ပေးနိုင် ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

မန္တလေးမြို့ သီရိဟေမာအရှေ့ရပ်ကွက်ရှိ လုပ်အားရတနာဖိနပ်ချုပ်သမဝါယမအသင်းသားများပိုင် မြေနှင့်အဆောက်အဦကို မတန်တဆဈေးနှိမ်လေလံပစ်ရောင်းချလိုက်ပြီးရောင်းချငွေကို အသင်းသား များအားခွဲဝေမပေးခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ကိုယ်စားမေးမြန်းသွားဖို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်မေးမြန်းမယ့် ယခုမေးခွန်းဟာ ဇာတ်ရည်လည်အောင်ရှင်းပြမှ သင့်တော်မှာဖြစ်တဲ့ အတွက် နောက်ခံအခြေအနေနှင့်အတူ တင်ပြမေးမြန်းခွင့်ပြုစေလိုပါတယ်။ လုပ်အားရတနာဖိနပ်ချုပ် သမဝါယမအသင်းသားဟောင်းများရဲ့တိုင်ကြားစာအရ ၎င်းတို့ရဲ့ သမဝါယမအသင်းကို ၁၉၆၄ ခုနှစ် မှာလုပ်သား ၅ ဦးက အစုငွေ ၅၀ ကျပ်စီထည်‌့ဝင်ကာ စုဆောင်းမတည်ပြီး စုပေါင်းဖိနပ်ချုပ်လုပ်ငန်း ကိုစတင်ထူထောင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အသင်းသား ၁၀၀ ခန့် တိုးတက်လာပြီး အသင်းသား တစ်ဦးကို အစုငွေ ၅၀၀ ကျပ်စီထည့်ဝင်ကာ သမဝါယမဥပဒေနှင့်အညီ လုပ်အားတံဆိပ်ဖိနပ် ကုန်ထုတ်သမဝါယမအသင်းကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အသင်းကြီးတိုးတက်အောင်မြင်လာ ခဲ့တဲ့အတွက် မန္တလေးမြို့ သီရိဟေမာအရှေ့ရပ်ကွက် အကွက်အမှတ် ၁၉၆ ဦးပိုင်အမှတ် ၂၅၊ ၂၆ ဂရန် မြေကွက်နှင့် မြေပေါ်ပါအဆောက်အဦများကို မူလပိုင်ရှင်ဦးမူရာလီဒါးလ်ထံမှ ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့စွဲနဲ့ စာချုပ်ချုပ်ဆိုဝယ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ဈေးကွက်စီးပွားရေး အခြေအနေများအရ အသင်းရဲ့အခြေအနေချိနဲ့လာမှုနှင့် အသင်းသားများရဲ့ အသင်းလုပ်ငန်းအပေါ် မှီခိုနိုင်မှုအားနည်းလာခြင်းအပေါ် အခွင့်ကောင်းယူပြီး တာဝန်ရှိသမဝါယမဦးစီးအရာရှိက အသင်းသားများနှင့်အလုပ်အမှုဆောင်အဖွဲ့တို့အကြား သဘောကွဲ အောင်လုပ်ဆောင်ပြီး သမဝါယမဥပဒေ၊ နည်းဥပဒေများကိုပစ်ပယ်ကာ အသင်းပြိုကွဲရေးဆောင်ရွက် ခဲ့တယ်လို့ဆိုပါတယ်။ အသင်းပြိုကွဲမှာကို မလိုလားတဲ့အသင်းသားများက အရပ်ရပ်ဆိုင်ရာ အစည်း အဝေးခေါ်ယူပေးဖို့ သက်ဆိုင်ရာမြို့နယ်သမဝါယမအရာရှိထံ ၂ ကြိမ်တိုင်တိုင်တောင်းဆိုခဲ့ပေမယ့် လက်မခံခဲ့ဘဲ အသင်းပြိုကွဲရေးလမ်းကြောင်းကိုသာ ဦးတည်လုပ်ဆောင်ခဲ့တဲ့အတွက် အသင်းပြို ကွဲသည်ဟူသော အကြောင်းပြချက်နဲ့ အသင်းကိုစာရင်းရှင်းလင်းဖျက်သိမ်းရန် ၁၄-၁-၂၀၀၉ ရက်နေ့စွဲ ပါအမိန့်အမှတ် (၈၅) ကိုထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ၃-၂-၂၀၀၉ ရက်နေ့မှာ စာရင်း ရှင်းလင်းဖျက်သိမ်းရေးတာဝန်ခံအရာရှိက အသင်းသားများရဲ့စုဆောင်းငွေ ၃၅၄၉၂၉ ကျပ် ၅၀ ပြား အပါအဝင် ကုန်ချောများ၊ ကုန်ကြမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂများ၊ ရုံးသုံးပစ္စည်းများနှင့် အသင်းပိုင်မြေဂရန်အပါအဝင် အခြားပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများကို သက်သေအ ဖြစ်ဆောင်ရွက်တဲ့ ရယကများရဲ့ရုံးတံဆိပ်တုံးနှင့်လက်မှတ်များမပါရှိဘဲ အတင်းအဓမ္မသိမ်းယူသွားခဲ့ တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်မှာ ကာလပေါက်ဈေးကျပ်သိန်း ၆၀၀၀ လောက်တန်တဲ့ မြေနှင့် အဆောက်အဦကို ဝယ်လက်နဲ့နားလည်မှုယူပြီး ကျပ်သိန်း ၃၀၀၀ နဲ့သာ မတန်တဆဈေးနှိမ် လေလံ ပစ်ရောင်းချခဲ့ကာ အဲ့ဒီရောင်းချငွေတွေကိုလည်း အသင်းသားတွေကို ပြန်လည်ခွဲဝေပေးခြင်း မရှိတဲ့အ တွက် အသင်းသားများကမကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီလို မတရားလုပ်ဆောင်ခံရမှုနှင့် ပတ်သက် ပြီး  ၂၃-၄-၂၀၀၉ ရက်နေ့က အသင်းသားများစုပေါင်းလက်မှတ်ရေးထိုးကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံတစ်ကြိမ်၊ ၄-၉-၂၀၁၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံထပ်မံပြီးတစ်ကြိမ် အသနားခံစာတင်ပြခဲ့ပေမယ့် စာမရောက်လို့လားမသိ အကြောင်းထူးမလာခဲ့ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့လည်း   ၁၄-၁၂-၂၀၁၂ ရက်နေ့ကတစ်ကြိမ် စာရေးသားတိုင်ကြားခဲ့ပါသော်လည်း ယနေ့တိုင်မည်သို့မျှ အကြောင်းမထူးခဲ့ဘူးလို့ဆိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုကိစ္စရပ်များ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ အများ အပြားရှိနိုင်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ Clean Government, Good Governance ဖြစ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်အကောင်အထည်ဖော်သည်‌့အနေဖြင့် ယခင် အစိုးရဟောင်းလက်ထက်က ဖြစ်ပွားခဲ့တဲ့မတော်မတရားမှုများကိုဖော်ထုတ်ပြီး တရားနည်းလမ်းတကျ ဖြစ်စေ ရန်ဆောင်ရွက်ပေးနိုင်မှသာ ပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုကို အစိုးရသစ်ကပြန်လည် ရရှိနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ထိုစဉ်က တာဝန်ရှိခဲ့သူများကိုအရေးယူအပြစ်ပေးရန် မဟုတ်ဘဲ ထိုစဉ်ကငွေကြေးအရ ပစ္စည်းဥစ္စာအရဆုံးရှုံးနစ်နာရသူများကို ပြန်လည်ခံစားရရှိစေရန်သာ ရည်ရွယ် ပြီးကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကိုမေးမြန်းလိုပါတယ်-

(၁)     ပြဿနာစတင်ဖြစ်ပွားစကပင် ၎င်းတို့တင်ပြတိုင်တန်းခဲ့သောကိစ္စကို သက်ဆိုင်ရာ အထက်အဖွဲ့အစည်းက ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးခဲ့ပါသလား။     

(၂)     ထိုစဉ်က ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးမှုများမပြုလုပ်ခဲ့ပါဟုဆိုလျှင် တစ်နိုင်ငံလုံးရှိ အလားတူကိစ္စရပ်များကို ယခုအချိန်တွင် ပြန်လည်စုံစမ်းစစ်ဆေးရန်အစီအစဉ်မျိုး ပြည်ထောင်စုအစိုးရတွင် ပေါ်လစီတစ်ရပ်ချမှတ်ထားရှိပါသလား။

(၃)     ၎င်းတို့တင်ပြပြောဆိုသည့်အတိုင်း မူလပေါက်ဈေးအောက် များစွာလျော့နည်းသော တန်ဖိုးဖြင့် ဈေးနှိမ်လေလံပစ်ခဲ့ခြင်းမှန်ကန်သည်ဟုဆိုပါလျှင် ယခုကာလပေါက်ဈေးဖြင့် ထပ်မံလေလံပစ်ပြီး ရရှိလာသည့်ရောင်းရငွေမှ အရင်းငွေသိန်း ၃၀၀၀ နှင့် ကုန်ကျစရိတ် များကို မူလလေလံဆွဲဝယ်သူကိုပြန်အမ်းပေးလျက် ပိုမိုရရှိလာသည့်ငွေကြေးကို မူလ ပိုင်ရှင်များသို့ခွဲဝေပေးရန် အစီအစဉ်များချမှတ်သင်‌့ပါသလား။

(၄)     ထိုသို့သောအစီအစဉ်မရှိဟုဆိုပါလျှင် လေလံတင်ရောင်းချရငွေသိန်း ၃၀၀၀ ကို မူလ အသင်းသားများအား အဘယ်ကြောင့်ခွဲဝေမပေးပါသနည်းဆိုတဲ့ မေးခွန်းများ ကိုမေးမြန်းပါသည်။

ဦးရဲထွန်း(သီပေါမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းဖြစ်ပါသည်  

သမဝါယမဝန်ကြီးဖြေသွားတဲ့အတွက် သမဝါယမအသင်းတွေနှင့် ပတ်သက်တဲ့ဥပဒေကိုတော့ တစ်စုံတစ်ရာနားလည်လိုက်မိပါတယ်။ ဒါပေမယ့်ဒီအသင်းက သူတို့တင်ပြထားချက်အရရော ဝန်ကြီးရဲ့ဖြေကြားချက်မှာရော အသင်းသား တွေရဲ့ ကိုယ်ပိုင်ချွေးနှဲစာနဲ့ဝယ်ထားတဲ့အဆောက်အဦနှင့်မြေဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဟာကို နိုင်ငံတော်ရဲ့ဘဏ္ဍာတော်ထဲမှာ ထည်‌့သွင်းပြီးတော့မခွဲပေးတော့ဘူးဆိုတာဟာ တရားမျှတမှုရှိနိုင်ရဲ့လားလို့ မေးမြန်းပါသည်။