(ဋ)- မြို့နယ်နှင့် ခရိုင်ဘဏ်ခွဲများတွင်တာဝန်ယူထားရသော ငွေကြေးနှင့်ထိုက်တန်သောရာထူးအဆင့်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်မှာ အဓိကဆောင်ရွက်ရတဲ့ မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်ခွဲများတွင် လွန်ခဲ့တဲ့အနှစ် ၃၀ ခန့်က ငွေသေတ္တာလက်ကျန်အမြဲတမ်းကန့်သတ်ချက် ၁၀ သန်းကနေ ၁၅ သန်းအထိကို ငွေကြေး တာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့် နောက်ပြီးတော့ ကျပ် ၁၅၀ သန်းကနေ သန်း ၂၀၀ အထိကိုငွေကြေးတာဝန်ခံဝန်ထမ်းငွေကိုင်(၁) နှင့် ငွေကိုင်(၂) ရာထူးအဆင့်များဖြင့် ခန့်ထား ဆောင်ရွက်တာကိုသိရပါတယ်။ ယခုအခါ မြို့နယ်ဘဏ်ခွဲများရဲ့ငွေကြေးသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက်ဟာ သန်း ၁၀၀၀ ကနေ သန်း ၁၅၀၀ အထိတိုးမြှင့်ထားရှိသော်လည်း ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့်ဖြင့်သာခန့်ထားပြီးတော့ ခရိုင် ဘဏ်ခွဲများရဲ့ ငွေကြေးသေတ္တာလက်ကျန်အမြဲတမ်းကန့်သတ်ချက် ကျပ်သန်း ၁၅၀၀၀ ကနေ သန်း ၂၀၀၀၀ အထိ တိုးမြှင့်ထားပေမယ့် ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများကိုတော့ဖြင့် ငွေကိုင်(၂)၊ ငွေကိုင်(၁) ရာထူးအဆင့်ဖြင့်သာ ခန့်ထားဆဲဖြစ်တာကိုသိရပါတယ်။ သို့ပါ၍ မြို့နယ်ဘဏ်ခွဲများ၏ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၂) သို့မဟုတ် ငွေကိုင်(၁) ရာထူးအဆင့်သို့ လည်းကောင်း၊ ခရိုင်ဘဏ်ခွဲများ၏ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား လက်ထောက်မန် နေဂျာ(ငွေကြေး)ရာထူးအဆင့်သို့လည်းကောင်း တိုးမြှင့်ခန့်ထားပေးပါမှ သင့်လျော်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများ တာဝန်ယူရသည့်ငွေကြေးနဲ့ထိုက်တန်သော ရာထူးအဆင်‌့များတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။