(ဇ)-မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ရပ်ဖြစ်သည့် ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းအား မည်သို့ ဆောင်ရွက်နေသည်နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ရပ်ဖြစ် တဲ့ ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းအား မည်သို့ဆောင်ရွက်သည်ကို သိရှိလို၍ မေးမြန်းသွားမှာ ဖြစ်ပါ တယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း လိုအပ်ချက်အမြောက်အမြားထဲမှာ အလွန်အရေးကြီးပြီးတော့ ဆောင်ရွက်သင့် တဲ့ကိစ္စတစ်ရပ်ကို တင်ပြလိုပါတယ်။ အနောက်တိုင်းဆေးပညာကို အသုံးပြုကြတဲ့ နိုင်ငံအများစုမှာ ထိုးဆေးအသုံးပြုမှုမှာ အလွန်နည်းပါးကြောင်းလေ့လာတွေ့ရှိရပါတယ်။ သို့ပါသော်လည်း မြန်မာနိုင်ငံ မှာ နေ့စဉ်ဆေးထိုးချက်ပေါင်း ၁၆၅၀၀၀၀ ခန့်ရှိနေတဲ့အတွက် မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ညီမျှတဲ့ ဆေးထိုးချက်ကို ရက်ပေါင်း ၄၀ မတိုင်မီမှာပဲ ဆေးထိုးပြီးသားဖြစ်နေမှာကို လေ့လာရပါတယ်။ အဲ့ဒီလို မလိုလားအပ်ဘဲ ဆေးထိုးမှုကြောင့် ဘေးထွက်ဆိုးကျိုးမခံသင့်ဘဲ ခံနေရခြင်း၊ ဆေးထိုးအပ်မှ ကူးစက်နိုင်သော ရောဂါများ မတရားခံရခြင်း၊ ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်ခြင်းစသည် တို့အပြင် သောက်ဆေးများကိုလည်း ဝယ်ချင်သလို ဝယ်သောက်နေရတာ အရည်အသွေးကောင်း/ မကောင်း၊ ဆေးမျိုးမှန်/မမှန် မသိခြင်းကြောင့် အန္တရာယ်များစွာ ရှိနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ရန် ပထမအဆင့်အနေနဲ့ ဆေးဝါးထိန်းချုပ်ရေးဟာ ငွေကုန်ကြေးကျမရှိဘဲ မဖြစ်မနေဆောင်ရွက်သင့်တဲ့လုပ်ငန်းဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဆရာဝန်လက်မှတ်ဖြင့်သာ ဆေးဝါးရောင်းချခြင်းသည် ဆေးဝါးထိန်းချုပ်ရေးအတွက် အဓိကကျသော အဆင့်တစ်ဆင့် ဖြစ်သော ကြောင့် အဆိုပါလုပ်ငန်းအတွက် ဆောင်ရွက်နေခြင်းရှိ/မရှိနှင့် ဆေးဝါးထိန်းချုပ်မှုအတွက် အခြား မည်သည့်နည်းလမ်းမှ ဆောင်ရွက်နေသည်ကို သိရှိလိုပါ၍ မေးမြန်းပါသည်။