(ခ)-သာစည် မြို့နယ် အတွင်းရှိ သဲပွတ် ကျေးရွာနှင့် ကျွဲဒတ်ကျေးရွာအုပ်စုများအတွက်စက်ရေတွင်းများ တူးဖော်ပေးနိုင်ပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
သာစည်မြို့နယ်အတွင်းရှိ သဲပွတ်ကျေးရွာအုပ်စုနှင့် ကျွဲဒတ်ကျေးရွာအုပ်စုများတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်များနှင့် ထိ စပ်နေသော တောင်ပေါ်ဒေသများဖြစ်ခြင်း၊ ၎င်းဒေသများသည် မိုးရေကို သာစုဆောင်းပြီး ချွေတာစုဆောင်း သုံးစွဲရခြင်း၊ မိုးရေလှောင်ကန် များလည်း အလုံအလောက် မရှိ၍ နွေရာသီတွင် သောက်သုံးရေအတွက် အခက်အခဲ ကြုံရသည့်အပြင် ရွာငံမြို့နယ်အတွင်းမှ ကျေးရွာများအထိ သွားရောက်ခပ် ယူ ရခြင်း၊ ယခုအချိန်အထိ မြေအောက်စက်ရေတွင်းများ မတူးနိုင်ခြင်း များကို လေ့လာသိရှိခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီ အစဉ်ဖြင့် မိုးရေလှောင်ကန်ကြီးများ တည်ဆောက်ထားပေးသော်လည်း လုံလောက်မှု မရှိဘဲ ယခုနှစ် ဇွန်လပိုင်းအထိ မိုးမရွာ၍ ရေလှောင်ကန်များအတွင်း မိုးရေဝင်ရောက်စုဆောင်းနိုင်မှု မရှိသေးခြင်းကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် သာစည်မြို့နယ်အတွင်းရှိ သဲပွတ်ကျေးရွာအုပ်စုနှင့် ကျွဲဒတ်ကျေးရွာ အုပ်စုများမှ ကျေးရွာများအတွက် နိုင်ငံတော်အစိုးရ အစီအစဉ်နှင့် စက်ရေတွင်းများ တူးဖော်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက ဆောင်ရွက် ပေးနိုင်မည့် အချိန်ကာလကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။