(က)-ပင်လောင်းမြို့နယ်၊ တင်းတောင်ကျေးရွာအုပ်စု၊ တင်းတက်ကျေးရွာ၊ အ.ထ.က(ခွဲ)မှ အ.ထ.ကကျောင်းအဖြစ်သို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ပင်လောင်းမြို့နယ်အရှေ့တောင်ခြမ်း တစ်ခြမ်းလုံးရှိ တိုင်းရင်းသားမဲဆန္ဒရှင်များ လိုလား တောင့်တနေသော တင်းတက်အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။ လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တင်းတက်ကျေးရွာဟာ ပင်လောင်းမြို့ အရှေ့တောင်ဘက် ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးနှင့် မိုးဗြဲရေလှောင်ကန်ကြားမှာတည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော်တည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ပင်လောင်းမြို့နှင့် ၁၀ မိုင်ဝေးကွာပါတယ်။ အဲဒီရွာဟာ တောင်မြောက် သွယ်တန်းနေတဲ့ ပတ်ဝန်းကျင်ရွာကြီးများလည်းရှိပါတယ်။ ပင်လောင်း-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးနှင့် ၅ မိုင်ကွာဝေးပြီး အတွင်းပိုင်းကျသော အရပ်ဒေသလည်းဖြစ်ပါတယ်။ အဲဒီရွာဟာ သွားလာမှုခက်ခဲသော တောင်ကုန်းတောင်တန်းများတွင် တည်ရှိသော်လည်းပဲ ဆရာတော်ဘုရား ဦးဆောင်ပြီး ဆရာဒကာ စည်းလုံးညီညွတ်စွာဖြင့် တောင်ကြီးဖဝါးအောက်ဆိုသလို တောင်များကို ကွေ့ကာဝိုက်ကာ ကိုယ်အားကိုယ်ကိုး ကိုယ့်ရပ်ရွာဖွံ့ဖြိုးရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားပမ်းစားဖောက်လုပ်လာခဲ့ရာမှာ ယခုဆိုလျှင် ယာဉ်ကြီးယာဉ်ငယ်များဖြင့်သွားလာနိုင်တဲ့အထိ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် စေတနာမေတ္တာဖြင့် ၂၄ နာရီမီးလင်းရေးကိုလည်း ကိုယ့်အား ကိုယ်ကိုးဆောင်ရွက်တဲ့နေရာမှာ ယခုဆိုလျှင် ၂၄ နာရီမီးရရှိပြီးဖြစ်ပါတယ်။ ဒီအကြောင်းအရာ နှစ်ခု ကိုကြည့်ခြင်းအားဖြင့် မိမိတို့ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် မည်မျှစိတ်ဝင်တစားဖြင့် ဆောင်ရွက်နေကြောင်းကို သိမြင်နိုင်ပါတယ်။ တင်းတက်အခြေခံပညာ အထက်တန်းကျောင်းခွဲကို ပင်လောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဖြင့် တွဲဖက်ထားပြီး ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်တွင် အလယ်တန်းကျောင်းခွဲ ၂ ကျောင်း၊ မူလွန်ကျောင်း ၇ ကျောင်း၊ မူလတန်းကျောင်း ၅ ကျောင်း၊ စုစုပေါင်းကျောင်း ၁၄ ကျောင်းဖြင့်ဝန်းရံထားပါတယ်။ ၂၀၁၁- ၂၀၁၂ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ကျောင်းသားဦးရေ ၆၀၀ ကျော်ရှိပါတယ်။ အဲ့ဒီ ပတ်ဝန်းကျင်မှာ လာရောက်ပညာသင်ကြားနိုင်ရန်အတွက် ရပ်ရွာမှအခမဲ့ဘော်ဒါများဖွင့်လှစ်ပြီး ကျောင်းကော်မတီမှ အားတက်သရော စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို နှစ်စဉ်အောင်ချက် ကောင်းမွန်သော ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အခြေခံ ပညာအဆင့် တစ်ဆင့်ကူးတိုင်းကူးတိုင်း ကျောင်းသားဦးရေ လျော့လျော့လာတာကို လေ့လာသုံးသပ်မိ ပါတယ်။ အခြေခံပညာ မူလတန်းကျောင်းအောင်မြင်ပြီး အခြေခံပညာအလယ်တန်းကျောင်းကူး တဲ့အခါမှာ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်းမှ အထက်တန်း ကျောင်းသို့တက်လှမ်းတဲ့အခါမှာလည်း ၄၀ ရာခိုင်နှုန်း ထပ်မံလျော့နည်းကြောင်း အခြေခံပညာ မူလတန်းကျောင်းသား ၁၀၀ ကျောင်းတက်လျှင် အခြေခံပညာအထက်တန်းကျောင်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား ၃၀ ဦးသာ ကျန်ရှိနေကြောင်းသိရပါတယ်။ ထိုသို့ဖြစ်လျှင် ဖွံ့ဖြိုးမှုနောက်ကျသော လမ်းပန်းဆက်သွယ်မှုခက်ခဲသော တောင်ပေါ်ဒေသရှိ တိုင်းရင်းသားပြည်သူ များမှာဆိုရင် ဆိုဖွယ်ရာမရှိ တင်ပြအပ်ပါတယ်။ ဒါကြောင့် တင်းတောင်ကျေးရွာအုပ်စု၊ တင်းတက် အခြေခံပညာ အထက်တန်းကျောင်းခွဲဟာ လက်ရှိအခြေအနေမှာ အထက်တန်းကျောင်းအဆင့်နှင့် လျော်ညီသော ကျောင်းသားအင်အား၊ ကျောင်းအဆောက်အဦ၊ ပရိဘောဂလုံလောက်သော ကျောင်းပိုင်မြေများ ရှိသည့်အပြင် မိဘဆရာကျောင်းအကျိုးဆောင်များ၊ ရပ်ရွာလူထုများဟာလည်း ပညာရေးတွင်စိတ်ဝင်တစားရှိပြီး ပညာရေးကိုအထူးအားပေးလျက်ရှိပါတယ်။ ဒေသခံပြည်သူများ အဘက်ဘက်မှ စိတ်ဝင်စားမှု အထွဋ်အထိပ်ရောက်နေချိန်မှာ လေးစားစွာဖြင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုသည်မှာ ပင်လောင်းမြို့နယ် တင်းတောင်ကျေးရွာအုပ်စု၊ တင်းတက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်းကျောင်းအဖြစ်သို့ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ၊ မရှိ သို့မဟုတ် မည်သည့်ကာလတွင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို ဒေသခံပြည်သူများရဲ့ကိုယ်စားလေးစားစွာဖြင့် မေးမြန်းရခြင်းဖြစ်ပါသည်။