(င)-နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင် ဘောလုံးအားကစားကွင်း တည်ဆောက်ရန်နှင့် အားကစားမြှင့်တင်စေရန် မည်သို့ စီမံ ဆောင်ရွက် ထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်သည် မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ ရောက်ရှိရေး၊ နိုင်ငံတကာ အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက် သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား လူရည်ချွန်များ မွေးထုတ်နိုင်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။
အားကစားလောက မြှင့်တင်ခြင်းဖြင့် အားကစားလိုက်စားသူတိုင်းဟာ ကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ပညာဖွံ့ဖြိုးခြင်း၊ လူကောင်းလူတော်များပေါ်ပေါက်လာခြင်း၊ ပူးပေါင်း ဆောင်ရွက်လိုသော အသင်းအဖွဲ့စိတ်ဖြစ်ပေါ်လာခြင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်း လာခြင်းစသော အကျိုးကျေးဇူးများ ဖြစ်ပေါ်လာမည်ဖြစ်ပါသဖြင့် အားကစားလောက ပိုမိုအားပေး သင့်ပါကြောင်း၊ ဥပမာ နည်းပညာတက္ကသိုလ် (လှိုင်သာယာ)တွင် အားကစားကွင်းမရှိခြင်းကြောင့် ကျောင်းဝင်းအတွင်း ကားလမ်းမပေါ်တွင် ကျောင်းသားများ ဘောလုံးကစားနေခြင်း။ သို့ဖြစ်ပါ၍ ကျောင်းသူကျောင်းသားများ၏ အကျိုးအလို့ငှာတက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင် ဘောလုံး အားကစားကွင်း လိုအပ်လျက်ရှိနေပါကြောင်း ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းရခြင်း ဖြစ်ပါတယ်။ မေးခွန်း (၁) နည်းပညာတက္ကသိုလ် (လှိုင်သာယာ)နှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ဘောလုံး အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ မေးခွန်း (၂) တက္ကသိုလ်၊ ကောလိပ်များတွင် အားကစားကြေးဟု တရားဝင်ပေးသွင်းငွေများအား အားကစားကွင်းကစားပွဲ အခမ်းအနားတို့တွင် သုံးစွဲလိုပါက နိုင်ငံတော်မှခွင့်ပြုနိုင်၊ မပြုနိုင်။ မေးခွန်း (၃) တက္ကသိုလ်၊ ကောလိပ် များတွင် အားကစားမြှင့်တင်စေရန်အတွက် မည်သို့စီမံဆောင်ရွက်ထားပါသနည်း မေးမြန်းပါသည်။