(စ)-(၂၆)ကြိမ်မြောက် ပြိုင်ပွဲတွင် ဆုလုံးဝမရရှိခဲ့သည့် ကစားနည်း (၈)မျိုးအတွက် အောင်နိုင်မှုနှင့် အခြားသော အားကစားနည်းများကို နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ် ပြိုင်ပွဲများကို ဖိတ်ခေါ်ယှဉ်ပြိုင်မှု အခြေအနေ ရှိ/မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

(စ)-(၂၆)ကြိမ်မြောက် ပြိုင်ပွဲတွင် ဆုလုံးဝမရရှိခဲ့သည့် ကစားနည်း (၈)မျိုးအတွက် အောင်နိုင်မှု အလားအလာအခြေအနေနှင့် အခြားသော အားကစားနည်းများကို နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ် ပြိုင်ပွဲများကို မိမိတို့ကွင်း များမှာ ဖိတ်ခေါ်ယှဉ်ပြိုင်မှု အခြေအနေ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

a

 

အားကစားဝန်ကြီးဌာနသို့ (၂၇) ကြိမ်မြောက် SEA Games နှင့်စပ်လျဉ်း ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းများမေးမြန်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် က‌နေပြီးတော့ ၂၂ ရက် အထိ မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကြီးမှာ အောင်မြင်မှုများဟာ (၂၆)ကြိမ်မြောက်ပြိုင်ပွဲထက် ပိုမိုရရှိရန်အတွက် အဆင်‌့ ၇ ထက် ကျော်လွန်ပြီးတော့ အဆင့် ၁၊ ၂၊ ၃၊ ၄ ရရှိရန် တစ်နိုင်ငံလုံးက မျှော်လင့်စောင့်စားလျက်ရှိနေကြပါ တယ်။ အောင်ပွဲခံစင်မြင့်ထက်မှာ ကိုယ့်နိုင်ငံအလံလွှင့်ထူပြီး နိုင်ငံတော်သီချင်းကို အားရပါးရသီဆိုကာ လက်ခုပ်သြဘာများ ဘဝဂ်ညံအောင်တီးလိုကြပါတယ်။ ရွှေတံဆိပ်များစွာရပြီး ပြိုင်ဘက်နိုင်ငံများက လေးစားချီးကျူးရတဲ့ အနေအထားမျိုးရရှိရန်လည်း ပြည်သူများက ဆန္ဒပြင်းပြလျက်ရှိနေကြပါတယ်။ သို့ပါ၍ အားကစားဝန်ကြီးဌာန၏ SEA Games ပြိုင်ပွဲအတွက် အားကစားနည်းအလိုက် ကြိုတင် ဆောင်ရွက်ချက်များကို ဆွေးနွေးမေးမြန်းမှာဖြစ်ပါတယ်။ လေ့ကျင့်ရေးကိစ္စနှင့် ဆုတံဆိပ်ရရှိမှုအခြေ အနေ၊ အောင်နိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့အစည်းများကိစ္စနှင့် မူလရည်မှန်းထားသော အားကစားနည်းများမှ လျှော့ချပြီးတော့ ယှဉ်ပြိုင်မယ့်ကိစ္စတို့ မေးမြန်းမှာဖြစ်ပါတယ်။

အားကစားဝန်ကြီးဌာနအနေဖြင့် (၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ အတွက် အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ရန်ကုန်နှင့် မန္တလေးမှ အားကစားသမားများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များမှ အားကစားသမားများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျရွေးချယ်ပြီးတော့ လေ့ကျင့်ပေးနေကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ ရွေးချယ်လေ့ကျင့်ပေးမှုဟာ အလွန်ကောင်းမွန်ပြီး မှန်ကန်တဲ့ စနစ်ကျတဲ့ရွေးချယ်ပွဲဖြစ်တဲ့အတွက် ကြောင့်လာမယ့် SEA GAME ပြိုင်ပွဲအတွက် အောင်မြင်မှုရရှိရာ အခြေအနေကောင်းများရရှိ နိုင်မယ် လို့ယုံကြည်ရပါတယ်။ အားကစားပြိုင်ပွဲတစ်ခုအောင်နိုင်မှုရရှိရာမှာ လူရွေးချယ်မှုမှန်ကန်စနစ်ကျပြီး ထူးချွန်သောအားကစားသမားများ၊ တော်သောအားကစားသမားများ၊ စည်းကမ်းရှိသော အားကစား သမားများရရှိရုံဖြင့် မလုံလောက်သေးပါ။ အဲ့ဒီအားကစားသမားများကိုလေ့ကျင့်ပေးနေတဲ့ ပဲ့ကိုင်ပေး နေတဲ့ လိုသလိုပုံသွင်းနိုင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများကျွမ်းကျင်သော နည်းပြဆရာများရဲ့အခန်း ကဏ္ဍဟာ အလွန်အရေးကြီးလှပါတယ်။ အရည်အချင်းပြည့်မီတဲ့နည်းပြဆရာကောင်းများဖြင့် လေ့ကျင့် ပေးမှသာလျှင် မိမိတို့မျှော်မှန်းထားတဲ့အောင်မြင်မှုများကိုရရှိနိုင်မှာဖြစ်ပါတယ်။

အာရှအဆင့်အထိမြန်မာတို့ဆုယူခဲ့တဲ့ အစဉ်အလာကြီးမားခဲ့တဲ့ ပြေးခုန်ပစ်၊ ‌သေနတ်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုကစားနည်းများ၊ ဘောလုံး၊ ဘောလီဘော၊ လှေလှော်၊ မြားပစ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်းစသော ရွှေရရှိနိုင်တဲ့ ကစားနည်းများအတွက် ပြည်တွင်းပြည်ပနိုင်ငံများသို့ စေလွှတ်ပူးတွဲလေ့ကျင့်မှုများအခြေအနေများကို ပြည်သူများက သိရှိလို ကြပါတယ်။ ဒါ့အပြင် (၂၆) ကြိမ်မြောက် SEA GAME ပြိုင်ပွဲတုန်းက ဆုလုံးဝမရရှိခဲ့တဲ့ အားကစား နည်း ၈ မျိုးဖြစ်ကြတဲ့ ကြက်တောင်၊ ဂေါက်သီး၊ စားပွဲတင်တင်းနစ်၊ စက်ဘီး၊ ကျွမ်းဘား၊ ဘတ်စ်ကက် ဘော၊ နပန်းစတဲ့ အားကစားနည်းများအတွက် အောင်နိုင်မှုအလာအလားအခြေအနေနဲ့ ပြိုင်ပွဲဝင်နိုင် မယ့်အခြေအနေကိုလည်း သိရှိလိုပါတယ်။ မည်သည်‌့အားကစားနည်းများဟာ နိုင်ငံခြားနည်းပြဆရာ များနှင့်လေ့ကျင့်နေသည်ကိုလည်းကောင်း၊ ပြည်ပနိုင်ငံများသို့ စေလွှတ်လေ့ကျင့်နေသော အားကစား နည်းများကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ ကျွန်တော်တို့ ဝိတ်တင်ကဲ့သို့ အားကစားနည်းများ မြားပစ်ကစားနည်းကဲ့သို့သော အားကစားနည်းများဟာ မကြာမီအတွင်းက ဖိတ်ခေါ်ပြီးတော့ ပြိုင်ပွဲများကျင်းပခဲ့တာတွေ့ရှိခဲ့ရပါတယ်။ အခြားသော အားကစားနည်းများကို လည်း နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ်ပြိုင်ပွဲများ ကျွန်တော်တို့ ပွဲတော်မှာဖိတ်ခေါ်ယှဉ်ပြိုင်မှု အခြေအနေ ရှိ၊ မရှိကိုလည်း သိရှိလိုပါတယ်။

အားကစားပွဲအောင်နိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့များကိစ္စ ဆွေးနွေးလိုပါတယ်။ အားကစားပြိုင်ပွဲတစ်ခုအောင်နိုင်ရေးမှာ ထူးချွန်သော အားကစားသမားများ၊ အဆင့်မီသော နည်းပြဆရာများရဲ့ အခန်းကဏ္ဍဟာ အဓိကကျသလို အထောက်အကူပြုခေတ်မီပစ္စည်း များ၊ အထောက်အကူပြု လူပုဂ္ဂိုလ်အဖွဲ့အစည်းများဟာလည်း လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်နေရုံနဲ့ အောင်နိုင်မှုအပြည့်အဝ မရရှိ နိုင်ပါ။ ဝန်ကြီးဌာနပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ပြည်သူလူထုတစ်ရပ်လုံးအပြင် အားကစားအသိ ပညာရှင်၊ အားကစားအတတ်ပညာရှင်များပါ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့မျှော်မှန်းသလောက် အောင်မြင်မှုရရှိမည်ဖြစ်ပါတယ်။ ယခုအခါ ဝန်ကြီးဌာနပေါင်းစုံ၊ အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။ သို့သော် အားကစားလေ့ကျင့် ရာမှာ အထောက်အကူပြုအဖွဲ့အစည်းတစ်ခုလိုအပ်နေတယ်လို့ ထင်မြင်မိပါတယ်။ အဲဒီအဖွဲ့အစည်း ကတော့ အားကစားနည်းအလိုက် ကျွမ်းကျင်သော ပုဂ္ဂိုလ်ကြီးများ နိုင်ငံတကာအားကစားနှင့် မြန်မာ့ အားကစားကို သိရှိလေ့လာထားကြောင်း အားကစားကလောင်ရှင်များပါဝင်သော အထောက်အကူပြု အဖွဲ့ဖြစ်ပါတယ်။ ထိုအဖွဲ့ကို သက်ဆိုင်ရာအားကစားနည်းအလိုက် အနားယူသွားသော နိုင်ငံတကာမှ အတွေ့အကြုံများစွာရှိသော နည်းပြကြီးများ၊ နိုင်ငံတကာပြိုင်ပွဲများတွင် အကြိမ်ပေါင်းများစွာယှဉ်ပြိုင် ပြီး ဆုတံဆိပ်များ ရရှိထားသော အားကစားသမားဟောင်းကြီးများ၊ အားကစားကလောင်ရှင်များ ပါဝင် ဖွဲ့စည်းပြီးတော့ တာဝန်ပေးသင့်ပါတယ်။ အဆိုပါအဖွဲ့အား အားကစားလေ့ကျင့်နေသော ကန့်များသို့ အခါအားလျော်စွာ ဖိတ်ခေါ်ပြီး အကြံဉာဏ်များရယူခြင်း၊ အတွေ့အကြုံများဟောပြောစေခြင်း၊ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုများ ပြုလုပ်စေခြင်းအပြင် အားကစားသမားများရဲ့ လက်ရည်စစ်ပွဲ ဖြစ်တဲ့ တက်စမတ် ပွဲများကိုလည်း ဖိတ်ခေါ်ပြသပြီးတော့ အကဲဖြတ်စေခြင်းစသည်ဖြင့် ဆောင်ရွက် ပေးစေပါက အားကစားသမားများရဲ့ တိုးတက်မှုအခြေအနေမှန်များကို သိရှိနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါ အဖွှဲ့အစည်းမျိုး သို့မဟုတ် အလားတူ အထောက် အကူပြုအဖွဲ့အစည်းမျိုး ဖွဲ့စည်းတာဝန်ပေးအပ်ရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုပါတယ်။

(၂၇) ကြိမ်မြောက် SEA GAME ပြိုင်ပွဲမှာ အားကစားအမျိုးပေါင်း ၃၂ မျိုး ပါဝင်ယှဉ်ပြိုင်မယ်လို့ မူလကလျာထားပေမယ်လို့ နောက်ပိုင်း ၂၉ မျိုးသာယှဉ်ပြိုင်မယ်လို့သိရ ပါတယ်။ အဲ့ဒီမှာ ကြက်တောင်နှင့် ပင်ပေါင်အားကစားနည်းမပါဝင်ဘူးလို့ သိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က မေးခွန်းထပ်မေးထားပါတယ်။ ကြက်တောင်အားကစားနှင့် ပင်ပေါင်အားကစားကို ထည့်ပေးပါ။ ကြက်တောင်အနေဖြင့် အနည်းငယ် ပေါ်လစ်လုပ်ပြီးတော့ ကျွမ်းကျင်သောနိုင်ငံခြား နည်းပြများနှင့်လေ့ကျင့်လိုက်လျှင် တတိယဆုရရှိနိုင်ကြောင်း ကျွန်တော်ဒီလိုမေးခဲ့ပါတယ်။ ဒါပေမယ့် လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က နောက်ဆုံးဆုံးဖြတ်ချက်မှာ ကြက်တောင်၊ ပင်ပေါင်အပါအဝင် အားကစားနည်း ၃၃ မျိုးပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ကြက်တောင်ပါတဲ့ ကိစ္စကတော့ ကျွန်တော် မ‌မေးတော့ပါဘူး။ နောက်ထပ်ဝန်ကြီးကို နည်းနည်းလေးမေးချင်တာကတော့ ကျွန်တော်တို့ အားကစားနည်း ၃၃ မျိုးထဲမှာ ဂိုဗိနမ်ပန်တက်၊ မြွေကင်ပိုးဆိုတာ ပါလာပါတယ်။ ဘာကစားနည်းလဲဆိုတာသိနိုင်ရန် ကျွန်တော်တို့အားရှင်းလင်းတင်ပြပေးပါရန် မေးမြန်းပါသည်။