(က)-ဟန်ဆောင်စာချုပ်များနှင့်ပတ်သက်သည့်မေးခွန်း ၈ ခုနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ဟန်ဆောင်စာချုပ် များနဲ့ပတ်သက်တဲ့မေးခွန်း ၈ ခုအကြောင်းဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးမြန်းရတဲ့ရည်ရွယ်ချက် ကတော့ ဒီကနေ့ ကျွန်မတို့နိုင်ငံမှာ လွှတ်တော်ပေါ်လာတာလည်း နှစ်နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ ကျွန်မတို့နိုင်ငံမှာ အချို့ဥပဒေများဟာဆိုရင် အားနည်းချက်အများကြီးရှိပါတယ်။ အဲ့ဒီတော့ ဥပဒေ များရဲ့အားနည်းချက် ဟာကွက်တွေများကြောင့်မို့ ပြည်သူလူထုတွေနစ်နာမှု မရှိစေရေးအတွက် ရည်ရွယ်ပြီးမှ ဒီမေးခွန်းကို မေးရခြင်းဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါတယ်။

ဒုတိယဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ပြည်သူလူထုတော်တော်များများဟာ ဥပဒေကိုနားမလည်ကြပါဘူး။ ဒီပညာတတ်အသိုင်းအဝိုင်းမှာ ရှိနေတဲ့လူတွေတောင်မှာ ဥပဒေကို နားလည်နိုင်မှုစွမ်းအား လျော့နည်းကြပါတယ်။ တချို့ဥပဒေပညာနဲ့ အသက်မွေးဝမ်း‌ကျောင်းနေတဲ့ သူဆိုလို့ရှိရင်လည်း ဥပဒေနဲ့ပတ်သက်ပြီးမှ ယူဆချက်၊ ခံယူချက်တွေ လွဲမှားစွာနားလည်သွားတဲ့အခါ မှာ မိမိရဲ့အမှုသည်တွေအတွက် ဒီဝန်ဆောင်မှုပေးတဲ့အခါမှာ အမှားအယွင်းတွေ၊ အခက်အခဲတွေနဲ့ တွေ့ကြုံကြရပါတယ်။ အချို့ဥပဒေနဲ့ အသက်မွေးဝမ်း‌ကျောင်းတဲ့သူကျတော့လည်း ဥပဒေတွေရဲ့ ပျော့ကွက်ဟာကွက်တွေကြောင့် ဥပဒေတွေကို အားဖြည့်ရင်း၊ အားဖြည့်ရင်းနဲ့ ကျွန်မတို့ အမှုသည်တွေ မှာ တစ်ဖက်မဟုတ်တစ်ဖက် နစ်နာသွားတာတွေရှိတတ်ပါတယ်။ အဲ့ဒီတော့ ဒီဥပဒေပိုင်းဆိုင်ရာလွဲမှား ဆောင်ရွက်မှုတွေကြောင့် ပြည်သူလူထုအတွင်း နစ်နာဆုံးရှုံးမှုများစွာရှိတယ်ဆိုတာကိုလည်းပဲလေ့လာ တွေ့ရှိရပါတယ်။ တချို့နစ်နာဆုံးရှုံးမှုများဟာဆိုရင် များပြားလွန်းတဲ့အတွက် ဒီအမှုသည်ဖြစ်တဲ့ ပြည်သူ လူထုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားသွားရတယ်။ အချို့ဆိုလို့ရှိရင် အသက်ကိုထိခိုက်တဲ့ အထိ ဖြစ်သွားတာတွေကို တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ဒီအမှုအခင်းတွေကို စစ်ဆေးနေတဲ့တရား စီရင်ရေးအဖွဲ့ပေါ်မှာလည်း အထင်အမြင်လွဲမှားမှုတွေ တရားသူကြီးတွေအပေါ်မှာ ယုံမှားသံသယဖြစ် မှုတွေလည်းပဲ ဒီနစ်နာဆုံးရှုံးမှုရှိတဲ့သူများအတွင်းမှာ ပိုပြီးမှကြီးထွားလျက်ရှိတယ်ဆိုတာကို လေ့လာ တွေ့ရှိရပါတယ်။ ဟန်ဆောင်စာချုပ်များနဲ့ပတ်သက်ပြီးတော့မှ တရားရုံးအဆင်‌့ဆင့်မှာ တစ်ရုံးတစ်ထုံး ဆုံးဖြတ်လျက်ရှိတာကို တွေ့ရှိရပါတယ်။ အချို့တရားသူကြီးတွေကတော့ အောက်ခြေမှာရှိတဲ့ ပြည်သူ လူထုအတွင်းမှာ ဖြစ်ပွားနေတဲ့အမှန်တရားတွေကိုသိတဲ့အတွက် လောကပါလတရားနဲ့ ဘယ်သူ့ဘက် မှမနစ်နာအောင် ဆုံးဖြတ်မှုများရှိပါတယ်။ တချို့ကတော့ ဒီအောက်ခြေမှာ ဆုံးဖြတ်ထားတဲ့ ဒီအမှုတွဲကို ပဲ လေ့လာသိရှိရတဲ့အတွက် ကြည့်ပြီးမှဆုံးဖြတ်ရတဲ့အတွက် ဒီအမှုတွဲတွေက အားနည်းချက်ကို ထောက်ရှုမှုတွေရှိခဲ့ပါတယ်။ တချို့ကဏ္ဍတွေမှာ ဥပဒေအတိုင်း စီရင်ခဲ့သော်လည်း တစ်ဖက်အမှုသည် မှာ နစ်နာမှုတွေရှိတတ်ပါတယ်။ ဒါတွေ ဟာဆိုလို့ရှိရင် ဥပဒေရဲ့ ပျော့ကွက်ဟာကွက်ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ရဲ့ ဥပဒေပျော့ကွက်ဟာကွက်ကြောင့် ဥပဒေအတိုင်း စီရင်တိုင်း အောက်ခြေမှာ အမှန်တရားမရှိဘူးဆိုတာကို ကျွန်မအနေနဲ့ တင်ပြလိုခြင်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများ စွာ တရားဥပဒေစိုးမိုးမှုတွေ ယုတ်လျော့ခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဥပဒေကို အမှန်အတိုင်းနားမလည်ဘဲနဲ့ လွဲမှားစွာခံယူချက်နဲ့ နားလည်မှုမှာ ကျင်လည်ခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ ငွေကြေးချေးငှားမှုစနစ်မှာ အစိုးရဆောင်ရွက် ပေးနိုင်ခဲ့မှု အလွန်အားနည်းခဲ့တဲ့အတွက် အရပ်သားထဲမှာ ဒီပြည်သူအချင်းချင်းယုံကြည်မှုနဲ့ ငွေချေးငှားခဲ့ကြတဲ့ ခေတ်တစ်ခေတ်ကို တွင်ကျယ်စွာ ဖြတ်သန်းလာခဲ့ကြပါတယ်။ အဲ့ဒီလို ငွေချေးငှား တဲ့အခါမှာ မိမိတို့ရဲ့ နေအိမ်တွေကို အာမခံထားရှိပြီးမှ အိမ်ဂရန်ပေးအပ်တယ်။ အဲ့ဒီလို အိမ်ဂရန် ပေးအပ်ပြီးမှ အမှန်တကယ် ရောင်းဝယ်တာမဟုတ်ဘဲနဲ့ အိမ်အရောင်းအဝယ်၊ မြေအရောင်းအဝယ် ဟန်ဆောင်စာချုပ်တွေကို ချုပ်ဆိုကြပါတယ်။ အဲဒီလို အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးတော့မှ အဲလို လုပ်ငန်းတွေကို ဥပဒေနဲ့မညီတဲ့လုပ်ငန်းဖြစ်နေပေမယ့် ဒီအ‌ွခေအနေအရ တချို့ ရှေ့နေရှေ့ရပ်တွေ ကလည်း ဒီလိုမျိုးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိရပါ တယ်။ အဲဒီတော့ ဒီလိုမျိုးကိစ္စတွေမှာ ကတိတည်မှ ဒီသတ်မှတ်ထားတဲ့ အချိန်ကာလမှာ ငွေပြန်ပေး တဲ့လူတွေကတော့ ပြဿနာမရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ငွေပြန်မပေးနိုင်တဲ့အခါတွေမှာ ဒီကိစ္စတွေမှာ ပြဿနာတွေဖြစ်လာပါတယ်။ ငွေပြန်မရတဲ့အခါမှာ တရားရုံးကို တိုင်တန်းတာတွေ ဖြစ်လာပါတယ်။ အဲဒီတော့ တရားရုံးရောက်တဲ့အခါမှာ ငွေရှင်ဘက်ကလည်း ဟန်ဆောင်အရောင်း အဝယ်စာချုပ်ကို သူ့အနေနဲ့ ဒါတကယ်တော့ ဟန်ဆောင်ဖြစ်ပေမယ့် ဒီဟာဆိုလို့ရှိရင် တကယ့်စာချုပ် ဖြစ်ပါတယ်ဆိုပြီးမှ လိမ်လည်ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ နောက်တစ်ဖက်ကလည်း ဒီစာချုပ်တွေ ဟာဆိုလို့ရှိရင် သူတို့သဘောတူလို့ လက်မှတ်ထိုးထားတာမဟုတ်ပါဘူး။ သူတို့ဘက်ကနေမှ အတင်း လက်မှတ်ထိုးခိုင်းလို့ပါဆိုနေမှ ပြောကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီကိစ္စတွေဟာ နဂိုက နှစ်ဖက်သဘောတူပြီးမှ ချုပ်ကြတယ်။ ပြီးတော့ ဒီငွေရှင်ဘက်က ပိုက်ဆံပေးခဲ့သလို တစ်ဖက်က လည်းပဲ ငွေရှင်ကို သူတို့ရဲ့ အိမ်ဂရန်တွေ ပေးအပ်ထားကြပါတယ်။ အဲဒီတော့ ဒီလိုမျိုးအလုပ်တွေမှာ နောက်ဆုံးငွေမပေးနိုင်တဲ့အခါ ပြဿနာအများကြီးရှိလာတဲ့ ကဏ္ဍတွေတွေ့ကြုံရပါတယ်။ ဒီတော့ အပေါင်ထားတဲ့နေအိမ်က ချေးယူထားတဲ့ ငွေထက်များစွာ တန်ဖိုးကြီးနေတယ်ဆိုလို့ရှိရင် ဒီစာချုပ်ပါ အတိုင်း အတည်ပြုလိုက်မယ်ဆိုလို့ရှိရင် ဒီအိမ်ပိုင်ရှင်အတွက် အများကြီးနစ်နာပါတယ်။ ဒီလိုပဲ အိမ်ပေါင်ထားတဲ့ကိစ္စမှာပေါ့နော် ငွေပြန်မပေးကြလို့ ဒီတရားရုံးမှာ တင်ပြတဲ့စာချုပ်ဟာ အမှန် အကန်စာချုပ်မဟုတ်ပါဘူး။ ဒီစာချုပ်က ဟန်ဆောင်စာချုပ်ဖြစ်ပါတယ်ဆိုပြီးမှ ငွေမရတဲ့ကိစ္စတွေ မှာကျတော့လည်း ငွေရှင်ဘက်နေပြီးတော့မှ အများကြီးနစ်နာတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့ဒါကြောင့် ကျွန်မအနေနဲ့ ကျွန်မကိုယ်တိုင်လေ့လာတွေ့ရှိရတဲ့ ကိစ္စရပ်တစ်ခုရှိပါတယ်။ ဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်က ဖြစ်ပါတယ်။ ဒေါ်ဒန်းခေါင်နဲ့ ဒေါ်ဒွယ်၊ ဒေါ်ဒွယ်နဲ့ ဒေါ်ဒန်းခေါင် အပြန် အလှန် တက်ကြတဲ့ကိစ္စဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် တရားမ ဒုတိယအယူခံမှုအမှတ် ၈၄ နဲ့ ၁၁၀ ဖြစ်ပါ တယ်။ ဒီကိစ္စက ကျွန်မတို့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက ဖြစ်လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ နောက် တစ်ခုကတော့ ဒီ ၂၀၁၁ ခုနှစ် တရားမအယူခံမှုအမှတ် ၁၄၉ ဦးနော်တော်နဲ့ ဒေါ်ထန်ဘောက် (ခ) ဒေါ်နန်ပေါ့ အမှုဖြစ်ပါတယ်။ အဲဒီအမှုနှစ်မှုစလုံး ဟာဆိုလို့ရှိရင် ငွေချေးငွေယူကိစ္စတွေ ဖြစ်ပါတယ်။ ဒီအမှုတွေ စတင်ဖြစ်ပွားတဲ့အခါမှာဆိုလို့ရှိရင် ပြဿနာစဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင် ကချင်ပြည်နယ် တရားရုံးမှာတော့ သူတို့က ငွေပြန်ရပါတယ်။ ငွေပြန်ရတယ်ဆိုတဲ့အခါမှာ စာချုပ်ပါငွေဟာ ချေးထား တဲ့ငွေ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့အတိုး အနည်းအကျဉ်းတော့ပါကောင်းပါ ပါလိမ့်မယ်။ ဒါပေမယ့် ဒီအမှုတွေကို အယူခံတဖြည်းဖြည်းတက်သွားတဲ့အခါမှာ နောက်ဆုံးအယူခံရုံးကနေမှ ဒီကိစ္စတွေဟာ ဆိုလို့ရှိရင် ဟန်ဆောင်စာချုပ်ဖြစ်တယ်ဆိုပြီးမှ ငွေပြန်မရသွားတဲ့ အနေအထားရှိပါတယ်။ ကျွန်မ လေ့လာနေတဲ့ အမှုနှစ်ခုမှာဆိုလို့ရှိရင် ငွေကြေးဟာဆို နည်းနည်းနောနောမဟုတ်ပါဘူး။ ရာနဲ့ချီတဲ့ ငွေကြေးတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီးမှ ကျွန်မလေ့လာတဲ့အခါ သူတို့မှာ တော်တော်လေးနစ်နာသွားတဲ့ကိစ္စ  ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ အဲ့ဒီတော့  ဒီလိုကိစ္စတွေမှာ ဆိုလို့ရှိရင် အထက်တရားရုံးအဆင့်ဆင့်က ဒီငွေတွေကို သူတို့အနေနဲ့မရဘူး လက်လွတ်ဆုံးရှုံးလိုက် ရတဲ့အတွက် သူတို့မှာ နစ်နာသူများဖြစ်တယ်ဆိုတာကိုလည်း တင်ပြလိုပါတယ်။ ဒီတော့ အထက်တရား ရုံးတွေကနေပြီးမှ ဒီစာချုပ်ဟာ ဟန်ဆောင်စာချုပ်ဖြစ်တယ်ဆိုမှ အတည်မပြု ပေးနိုင်တဲ့ကိစ္စရပ်တွေ ပေါ်မှာ အရပ်သားအမြင်ကတော့ ငွေချေးယူသူက ငွေချေးစဉ်က ကျေးဇူးတင်စကားတွေ တဖွဖွပြော တယ်။ ပြန်မဆပ်နိုင်ဘဲ တရားရုံးရောက်တဲ့အခါကျတော့ ရန်သူလိုထင်တဲ့ကိစ္စတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ များစွာရှိနေပါတယ်။ ငွေလုံးဝပြန်မရတော့တဲ့ ငွေရှင်တွေကတော့ ၎င်းတို့ထံမှ ငွေလိမ် ယူပြီးတော့မှ တရားသူကြီးနဲ့ ပေါင်းစားတယ်ဆိုပြီးတော့မှ သူတို့က စွဲမြဲစွာယုံကြည်လျက်ရှိနေပါတယ်။ အဲဒီလိုကိစ္စတွေကြောင့် တရားသူကြီးများအပေါ်မှာလည်း ပြည်သူက အကြည်ညိုပျက်လျက်ရှိတာကို လည်း ကျွန်မအနေနဲ့ တင်ပြလိုပါတယ်။ ဒီတော့ ဒီဟန်ဆောင်စာချုပ် တွေနဲ့ပတ်သက်ပြီးတော့မှ ပြည်သူလူထုအတွင်းမှာ လုံးဝချုပ်ငြိမ်းသင့်ပါပြီ။ ဥပဒေနဲ့မညီညွတ်တဲ့ ကိစ္စရပ်တွေကို မပြုလုပ်ဖို့ လည်း သက်ဆိုင်ရာက အမိန့်ကြေညာချက်တွေ ထုတ်ပြန်သင်‌့ပါတယ်။ ကြေညာချက်တွေ ထုတ်ပြန်ပြီး နောက်ပိုင်းမှာလည်း ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေအပေါ် မည်သို့မည်ပုံဆောင်ရွက်ပါမည်ဖြစ်ကြောင်း ကိုလည်း ပြည်သူလူထုသိရှိနားလည်နိုင်တဲ့ အသုံးအနှုန်းများနဲ့ ပြည်သူလူထုတစ်ရပ်လုံးသိရှိနိုင်မယ့် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ကြေညာပြီးတော့ ပြည်သူလူထုတစ်ရပ်လုံး သိရှိပြီးတဲ့နောက်မှာ ဒီကိစ္စတွေပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်းခြင်းဟာ တရားစီရင်ရေးကဏ္ဍရဲ့အပြစ် မဟုတ်ဘဲနဲ့ ဥပဒေချိုးဖောက်သူ ပြည်သူရဲ့အပြစ်သာဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မအနေနဲ့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးကနေတစ်ဆင့် မေးမြန်းလိုတဲ့ မေးခွန်းကတော့ (၁) ပြည်သူလူထု အတွင်း လွဲမှားစွာရှိနေကြတဲ့ ဟန်ဆောင်စာချုပ်များနဲ့ ပတ်သက်ပြီးတော့မှ သက်ဆိုင်ရာက သတင်း အချက်အလက်များ၊ အသိပညာများပေးဝေခြင်းနှင့် မပြုလုပ်ရန်တားမြစ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် အစီအစဉ်ရှိပါသလား။ (၂) ယခင်က ဆောင်ရွက်မှုများကြောင့် နစ်နာဆုံးရှုံးသွားရသည့် ကိစ္စရပ်များအတွက် မည်သို့ကုစားမှုပေးနိုင်ပါသနည်း။ (၃) ဟန်ဆောင်စာချုပ်ဖြင့် ငွေချေးငှားကြရာ၌ ဥပဒေကိုမသိနားမလည်၍ ကျူးလွန်မိသည့်ကိစ္စရပ်များတွင် နားမလည်သူအချင်းချင်း၌ပင် နစ်နာသူ နှင့် အမြတ်ထွက်သူဟူ၍ နှစ်မျိုးရှိရာ အမြတ်ထွက်သွား သူများကို မည်သို့ အရေးယူနိုင်ပါမည်နည်း။ (၄) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဟန်ဆောင် အိမ်မြေအရောင်းအဝယ်စာချုပ်များနှင့် ပတ်သက်၍ အမှုအားလုံးပေါ်တွင် တစ်ပြေးညီဆုံးဖြတ်မှု စံတစ်ခုထားရှိမှုရှိပါသလား။ (၅) ပြည်ထောင် စုတရားလွှတ်တော်ချုပ်မှ အောက်ခြေတရားရုံးအဆင်‌့ဆင့်သို့ ဟန်ဆောင်အိမ်‌ွမေအရောင်းအဝယ် စာချုပ်များနဲ့ပတ်သက်၍ ညွှန်ကြားထားမှုများရှိပါသလား။ ညွှန်ကြားထားပါက မည်ကဲ့သို့ ညွှန်ကြား ထားသည်ကို သိရှိလိုပါသည်။ (၆) ဟန်ဆောင် အိမ်‌ွမေအရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှားကြ သဖြင့် ဖြစ်ပွားသောအမှုများတွင် ငွေချေးပေးသူများအတွက် တရားရုံးက တစ်စုံတစ်ရာကုစားမှုမပေး နိုင်ပါက ငွေချေးပေးသူတွင် နစ်နာမှုများစွာ ရှိသည်ကို သိရှိပါသလား။ သိရှိပါက နစ်နာမှုကို မည်ကဲ့သို့ ပြန်လည်ကုစားပေးနိုင်ပါမည်နည်း။ (၇) ဟန်ဆောင်အိမ်‌ွမေ အရောင်းအဝယ်စာချုပ်အရ တရား ရင်ဆိုင်နေရသဖြင့် ချေးငွေရလိုမှုပြန်လည်စွဲဆိုရန် ကုန်ဆုံးသွားသည့် ကာလစည်းကမ်းသတ်ကို နစ်နာသွားသည့် ပြည်သူလူထုအကျိုးငှာ ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါသည်။ (၈) ဟန်ဆောင်အိမ်‌ွမေအရောင်းအဝယ်စာချုပ်ကို နောက်ဆုံးအယူခံရုံး၏ ဆုံးဖြတ်ချက်အရ ချေးငွေရလိုမှု ပြန်လည်စွဲဆိုရာတွင် အထောက်အထားအဖြစ် တင်ပြခွင့်ရှိ/မရှိ၊ သက်သေခံစာချုပ်စာတမ်းအဖြစ် လက်ခံမှုပြုနိုင်/မပြုနိုင် သိလို ၍မေးမြန်းပါသည်။