(ဃ)-တောင်သူလယ်သမားများအကျိုးအတွက် ယခုစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ၄ သိန်း ဈေးဖြင့် ဝယ်ယူရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တွင် ၇၅ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားမိသားစုဝင်များဖြစ်ကြပါတယ်။ တောင်သူလယ်သမား များ စိုက်ပျိုးလုပ်ကိုင်သော သီးနှံများပေါ်ချိန်တွင် စပါးဈေးမကောင်းသောကြောင့် ထုတ်လုပ်မှု စရိတ် ဆုံးရှုံးပြီး လယ်သမားဘဝမှာ အကြွေးများဖြင့် သံသရာလည်နေကြရ ခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်မှ အရန်စပါးဝယ်ယူခြင်းကြောင့် အချို့လယ်သမားများမှာ စပါးတင်း ၁၀၀ လျှင် ၃၃၀၀၀၀ အထက် ခံစားရပါသည်။ အချို့လယ်သမားများမှာ ဒီဇင်ဘာ စပါးပေါ်ချိန်တွင် ကြွေးကျေထိုးဆပ်ရသောကြောင့် အရန်စပါးဝယ်ယူချိန်မဟုတ် သဖြင့် စပါးတင်း ၁၀၀ လျှင် ၂၆၀၀၀၀၊ ၂၇၀၀၀၀ နှုန်းသာ ရောင်းချရသဖြင့် စီးပွားရေးတွက်ခြေမကိုက်သဖြင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

          ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် ကုန်းလယ်များ၊ ရေနက်ကွင်းများ ရှိကြပါတယ်။ မိုးစပါးစိုက်ပျိုးရာတွင် ကုန်းလယ်မြေ တစ်ဧကလျှင် စပါးတင်း ၆၀ မှ ၇၀ တင်းအထိ ထွက်ရှိသော်လည်း ရေနက်ကွင်း‌ြမေများတွင် တစ်ဧကလျှင် ၄၀ တင်း မှ ၅၀ တင်းအထိသာ ထွက်ရှိပါတယ်။ တစ်ဧက၏ ထုတ်လုပ်မှုကုန်ကျစရိတ်သည် ၁၅၀၀၀၀ မှ ၁၆၀၀၀၀ အထိ ကုန်ကျလျက်ရှိပါတယ်။ စပါးဈေး တင်း ၁၀၀ လျှင် ၃၃၀၀၀၀ သာရရှိမည်ဆိုပါက တစ်ဧကလျှင် တင်း ၅၀ ထွက်သော လယ်သမားသည် တစ်ဧကအတွက် ရရှိမည့်ငွေကြေးမှာ ၁၆၅၀၀၀ သာဖြစ်ပါသောကြောင့် တစ်ဧကကုန်ကျစရိတ် ၁၆၀၀၀၀ ဖြစ်ပါသဖြင့် လုပ်အားရှုံး၍ အရှုံးကြီးနဲ့ ရင်ဆိုင်ရပါသည်။ တစ်ဧကလျှင် စပါးတင်း ၆၀ ထွက်သော လယ်သမားသည် တစ်ဧကအတွက် ရရှိမည့်ငွေကြေးမှာ ၁၉၈၀၀၀ ဖြစ်သောကြောင့် တစ်ဧကကုန်ကျစရိတ်မှာ ၁၆၀၀၀၀ နုတ်ပါက ၃၀၀၀၀ သာပိုမည်ဖြစ်ပါသည်။ ယခုလိုအချိန်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းများ ဆုတ်နိုင်ကြောင်း အခင်း၊ အကာ၊ တာပေါ်လင်များ ဝယ်ရခြင်းကြောင့် လုပ်အားများပိုမို သုံးစွဲရခြင်း  ဖြစ်ပါ၍ ၃၃၀၀၀၀ ဈေးဖြင့်သာလျှင်အရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။ စပါးဈေးတင်း ၁၀၀ လျှင် ၄၀၀၀၀၀ဈေး ရှိမည်ဆိုလျှင် တစ်ဧကအတွက် ပိုလျှံငွေမှာ ၄၀၀၀၀ ကျပ်ဖြစ်သောကြောင့် ၆ လ ကျော်ကာလ လယ်သမားမိသားစု၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ ရာသီဥတုဖောက်ပြန်မှုအရေးတို့ကို ဖြေရှင်းနိုင်ရုံသာဖြစ်ပါတယ်။ ကြွေးယူသည့်သံသရာအခက်အခဲများမှလည်း ဖြေရှင်းနိုင်ရုံသာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လယ်သမားအကျိုးအတွက် စပါးတင်း ၁၀၀ လျှင် ၄၀၀၀၀၀ အထက်  ရရှိဖို့ လိုအပ်တဲ့အခြေအနေဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများအား မေးမြန်းလိုပါသည်။  (၁) နိုင်ငံတော်မှ တောင်သူလယ်သမားများအကျိုးအတွက် ယခု စပါးပေါ်ချိန်တွင် အရန်စပါး ဝယ်ယူရန်အစီအစဉ်ရှိ၊မရှိ။ (၂) တောင်သူလယ်သများအကျိုးငှာ စပါးတင်း ၁၀၀ လျှင် ၄၀၀၀၀၀ ဈေးဖြင့် ဝယ်ယူရန်အစီအစဉ်ရှိ၊ မရှိ။ (၃) နိုင်ငံတော်သည် အရန်စပါးဝယ်ယူမည်ဆိုပါက မည်သည့် အချိန်၊ မည်သည့်အဖွဲ့အစည်းဖြင့် ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။