(က)-အစိုးရသစ်လက်ထက်တွင် ဆည်မြောင်း၊ ကန်ချောင်းများ ထင်သာမြင်သာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရန် အစီအမံများ ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံပြီးတော့ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ မူဝါဒသဘောအရလည်း ကောင်းမွန်ပြီးတော့ ဒေသတွင်းအခြေအနေနဲ့ ကိုက်ညီမှုရှိကြောင်းကိုလည်း တင်ပြလိုပါတယ်။ သို့သော်လက်တွေ့သဘောမှာတော့ မြို့နယ်တွေရဲ့ စိုက်ပျိုးရေးရုံးတွေမှာ ဝန်ထမ်း ၃၊ ၄ ဦးလောက်နဲ့ပဲ ရပ်တည်နေရပါသေးတယ်။ နိုင်ငံတော်တစ်ဝန်း လုံးမှာလည်းပဲ နိုင်ငံတော်ကလုပ်ပေးတဲ့ ဆည်ကြီးတွေ၊ တမံကြီးတွေကရတဲ့ ဆည်ရေသောက်စိုက်ပျိုး ဧရိယာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ကျေးလက်နေတောင်သူများရဲ့ စုပေါင်းအင်အားနဲ့တည်ဆောက်ကြရတဲ့ ဆည်ကလေးတွေ၊ မြောင်းကလေးတွေ၊ တမံလေးတွေ၊ ကန်လေးတွေမှာ ရေစုပြီး စိုက်ပျိုးကြရတဲ့ စိုက်ပျိုးဧရိယာက ပိုမိုများပြားနေပါတယ်။ မြို့နယ်အုပ်ချုပ်  ရေးမှ တာဝန်ရှိတဲ့လူတွေနဲ့ စိုက်ပျိုးရေးမှဝန်ထမ်းများရဲ့တင်ပြမှုနဲ့ ဆည်မြောင်း၊ ကန်ချောင်း များအတွက် ထောက်ပံ့ပေးမှုအချို့တော့ ရှိပါတယ်။ သို့သော် အလွန်နည်းပါးပါသေးတယ်။ ကျွန်တော့် မဲဆန္ဒနယ်ဖြစ်တဲ့ ဝန်းသိုမြို့နယ်မှာဆိုရင် အင်္ဂလိပ်တို့လက်အောက်မရောက်မီက ဝန်းသိုစော်ဘွားကြီး တည်ဆောက်ပေးခဲ့တဲ့ စော်ဘွားဆည်၊ စော်ဘွားမြောင်းနဲ့ စော်ဘွားဦးရွှေသားရဲ့ စော်ဘွားကန်တို့ကို အားကိုးနေရဆဲ ဖြစ်ပါတယ်။ စော်ဘွားဆည်၊ စော်ဘွားမြောင်းနဲ့ စော်ဘွားကန်တို့ကိုလည်းပဲ လူ အင်အားနဲ့သာထိန်းသိမ်းနေရပြီးတော့ စက်ယန္တရားများသုံးပြီး ထိန်းသိမ်းနိုင်မှုမရှိသေးပါဘူး။ ကျွန်တော်တို့ဒေသဟာ သိန်း ၁၀၀ လောက်အထောက်အပံ့ရရင် သိန်း ၃၀၀ လောက် စုပေါင်း အင်အားနဲ့လုပ်နိုင်တဲ့ ဒေသမျိုးဖြစ်ပါတယ်ခင်ဗျား။ လမ်းတံတားအတွက်ဆိုရင် စက်ယန္တရားသာ အကူအညီပေးပါ။ စက်သုံးဆီအတွက်၊ ကျွေးမွေးဧည့်ခံဖို့အတွက် ကျုပ်တို့တာဝန်ယူပါတယ်ဆိုတဲ့ ကျေးရွာကိုဦးဆောင်နေကြတဲ့ ဆရာတော်အများအပြားလည်းရှိပါတယ်။ ဒါကြောင့် ဒီနေ့အစိုးရ အဖွဲ့အနေနဲ့ ဆည်မြောင်း၊ ကန်ချောင်းအတွက်ပဲဖြစ်ဖြစ်၊ ကျေးရွာချင်းဆက်လမ်း၊ တံတားအတွက်ပဲ ဖြစ်ဖြစ်၊ ကျေးရွာမီးလင်းရေးအတွက်ပဲဖြစ်ဖြစ် အထောက်အကူအချို့ကို မြန်မြန်ဆန်ဆန်ထောက်ပံ့ ပေးဖို့ လေးစားစွာနဲ့ တင်ပြလိုပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ကျွန်တော့်အနေနဲ့ အဓိကမေးမြန်းလိုတာကတော့ အစိုးရသစ်လက်ထက်မှာ စက်ယန္တရားများ၊ ငွေအင်အားများကို အသုံးပြုပြီးမှပဲဖြစ်ဖြစ် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူပြီးမှပဲဖြစ်ဖြစ် ကျွန်တော်တို့ အခြေခံလေးတွေမှာရှိတဲ့ ဆည်‌ြမောင်း၊ ကန်၊ ချောင်းများ ထင်သာမြင်သာဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ပေးရန် အစီအမံများရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။