(ဂ)-စတုတ္ထမဏ္ဍိုင်ပြောင်းလဲတိုးတက်လာခြင်းနှင့်အတူ မီဒီယာဥပဒေ၊ ပုံနှိပ်ဥပဒေတို့နှင့်စပ်လျဉ်းသည်‌့ မေးခွန်း

2020-12-26

ဒီမေးခွန်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပါတယ်။ ကြောင်းကျိုးဖော်ပြချက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအပိုင်း ပုဒ်မ ၃၅၄(က) အရ နိုင်ငံသားများအား မိမိတို့ယုံကြည်ချက်၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ပေးအပ်ရမည့်အပြင် ယင်းပုဒ်မခွဲ(ဃ)အရ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့်ဓလေ့ထုံးစံ များကိုလည်း လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင်‌့ပြုရမည်ဖြစ်ပါသည်။ ယနေ့အစိုးရသစ်လက်ထက်တွင် အပြောင်းအလဲများစွာသည်အကောင်းဘက်သို့ ဦးတည်သောအရွေ့ဖြစ်ပါသည်။ ထင်သာမြင်သာ ရှိပြီး အပြုသဘောဆောင်နေသည်မှာ အငြင်းပွားဖွယ်မရှိပါ။ ထိုသို့ပြောင်းလဲရေးဆောင်ရွက်ရာတွင် မီဒီယာကဏ္ဍတွင်လည်း အရေးပါသော ပြောင်းလဲမှုများပြုလုပ်လာပါသည်။ တင်ထုတ်စနစ်၊ ထုတ်တင်စနစ်မှသည် စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလာပါသည်။ အမေရိကန်ပြည်ထောင်စု ပြည်ပနိုင်ငံများကလည်း ကြိုဆိုလာကြပါ သည်။ မီဒီယာသမားတွေအနေနဲ့ သူတို့ရဲ့ရေးသားချက်တွေကို စာပေစိစစ်ရေးဌာနသို့ တင်ပြစရာ မလိုတော့ပါ။ ပြင်သစ်အခြေစိုက် RSF နယ်ခြားမဲ့သတင်းထောက်များအသင်းကလည်း ကြိုဆိုလိုက်ပါ တယ်။ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar  သတင်းစာ ၃ စောင်ကို အစိုးရနှင့်ကင်းပြီး သီးခြားလွတ်လပ်တဲ့ လူထုဝန်ဆောင်မှုသတင်းစာတွေ အဖြစ်ပြောင်းလဲနိုင်ဖို့ သတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်လာပါတယ်။ သတင်း အချက်အလက်ဆိုတာ ဒီမိုကရေစီရဲ့ ငွေအသပြာပါ။ (Information is the Currency of Democracy) သို့ပါသောကြောင့် ယနေ့ စတုတ္ထမဏ္ဍိုင် ပြောင်းလဲတိုးတက်လာခြင်းနှင့်အတူ မီဒီယာဥပဒေ (Media Law)၊ ပုံနှိပ်ဥပဒေ (Press Law) တို့ ရေးဆွဲခြင်းအား မည်သို့စီစဉ် ဆောင်ရွက်လျက်ရှိသည်ကို သိလိုကြောင်း မေးမြန်းပါသည်။