(ဈ)-အင်းကုန်းကျေးရွာတွင် ကျေးလက်ဆေးပေးခန်းအား ကျန်းမာရေးဌာန၏ စံကိုက်နှင့်အညီ ဆောက်လုပ် ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

ကျေးလက် ဒေသများတွင် အရေးပါဆုံးဖြစ်သော ကျေးလက်ဆေးပေးခန်းအဆောက်အဦအား ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိကို မေးမြန်းမှာွဖစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ သာစည်မြို့ရဲ့တောင်ဘက် ၆ မိုင်အကွာခန့်တွင် အင်းကုန်းကျေးရွာအုပ်စု တည်ရှိပါတယ်။ ၎င်းအုပ်စုနှင့် ကပ်လျက်ရှိသော ဥသျှစ်ကုန်း၊ သနပ်ကန်၊ ကွမ်းခြံတော စသည့် ကျေးရွာများရှိတဲ့ ကျေးလက်ပြည်သူ ၅၀၀၀ ကျော်ဟာ အင်းကုန်းကျေးရွာမှာရှိတဲ့ ကျေးလက်ဆေးပေး ခန်းကိုပဲ အားကိုးအားထားမှီခိုပြုနေရပါတယ်။ သို့ရာတွင် အင်းကုန်းကျေးရွာ၌ ကျေးလက်ဆေးပေး ခန်းအတွက် မြေနေရာပိုင်ရှိသော်လည်း ဒေသခံကျေးလက်ပြည်သူများမှာ တောင်သူလယ်သမားနှင့် လက်လုပ်လက်စားများဖြစ်ကြတဲ့အတွက် အဆောက်အဦမဆောက်လုပ်နိုင်သောကြောင့် အဆင်ပြေ ရာအိမ်များတွင်သာ ဆေးဝါးကုသမှုခံယူနေကြရပါတယ်။ သို့ဖြစ်ပါ၍ အင်းကုန်းကျေးရွာရှိ လိုအပ် လျက်ရှိသော ကျေးလက်ဆေးပေးခန်းအား ကျန်းမာရေးဌာန၏စံကိုက်နှင့်အညီ ဆောက်လုပ်ပေးနိုင် ခြင်း ရှိ/မရှိ ဒေသခံပြည်သူများ၏ကိုယ်စား မေးမြန်းပါသည်။