(က) ဦးအောင်ထွန်းသာ၊ မြောက်ဦး မဲဆန္ဒနယ်၏ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည်သွားလာခွင့်ပြုရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ် မြောက်ဦး ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိရာ သုတေသနနယ်မြေတစ်ခု ဖြစ်ပါတယ်။ ၁၄၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့ရိုးတံတိုင်းများ၊ နန်းတော်ရာကုန်းနှင့် သမိုင်းဝင်ဘုရား ပုထိုးစေတီများ တည်ရှိနေသော နယ်မြေဖြစ်ပါတယ်။ ပုဂံကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံတကာ သမိုင်းပညာရှင်များ၊ သုတေသီများ အထူးစိတ်ဝင်တစားလာရောက်သောဒေသလည်း ဖြစ်ပါတယ်။ မြောက်ဦးဒေသတိုးတက်ဖွံ့ဖြိုးရေးဟာ ရခိုင်ပြည်နယ်အတွက်သာမက ပြည်ထောင်စုကြီးတစ်ခုလုံး အတွက်လည်း အလွန်အရေးကြီးပါတယ်။ ဤနယ်မြေဟာ ရခိုင်တို့ရဲ့ အနုပညာယဉ်ကျေးမှုနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း အတွက် အလွန်အရေးပါနေပါတယ်။ ဒါကြောင့် မြောက်ဦးဒေသသည် နိုင်ငံတော်မှ အထူးအာရုံစိုက် သင့်သော၊ အလေးထားသင့်သော ဒေသတစ်ခုဖြစ်နေပါတယ်။ သို့သော် ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းက တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မြောက်ဦးဒေသသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တားမြစ်ပိတ်ပင် ထားခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားခဲ့သောနေရာဟာ မြောက်ဦးမြို့မှ အရှေ့ဘက် ၅ မိုင်ဝေးသော ပရိန်ရွာ နှင့် မြောက်ဦးမြို့ရဲ့တောင်ဘက် ၇ မိုင်ကျော်ဝေးသော ယိုင်သေရွာတို့ ဖြစ်ပါတယ်။ အချိန်တိုအတွင်း လုံခြုံရေးအပြည့်အဝချထားပေးခြင်းနှင့် ညမထွက်ရအမိန့်ထုတ်ပြန်ပေးခြင်းတို့ကြောင့် တစ်ပတ် အတွင်း တည်ငြိမ်အေးချမ်းခဲ့ပါတယ်။ မြောက်ဦးမြို့ထဲတွင် ဘင်္ဂါလီလူမျိုးများ တစ်ဦးတစ်ယောက်မျှ နေထိုင်မှုမရှိတာကြောင့် မည်သည့်ပြဿနာများ၊ မည်သည့်ပဋိပက္ခများ မရှိခဲ့ပါ။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှစ၍ ညမထွက်ရအမိန့်ကို ည ၈ နာရီမှ နံနက် ၅ နာရီအထိ လျှော့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ နယ်မြေဒေသတည်ငြိမ်အေးချမ်းနေပြီဖြစ်သော်လည်း သွားလာခွင့်အချိန်ကို ကန့်သတ်ထားဆဲရှိ နေသေးတာကြောင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရှာဖွေစားသောက်နေကြသော ရေလုပ်သားများနှင့် နယ်မှ ဟင်းသီးဟင်းရွက် ရောင်းချသူများ အလွန်အခက်အခဲရှိနေကြကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် ပြည်ပခရီးသွားများကို တားမြစ်ပိတ်ပင်ထားခြင်းကြောင့် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှု ပေးနေသော မြောက်ဦးမြို့ရှိ ဟိုတယ်များ၊ တည်းခိုခန်းများ အလုပ်မဖြစ်တော့ဘဲ တည်းခိုမည့်သူတစ်ဦး တစ်ယောက်မှမရှိကြောင်း သိနေရပါတယ်။ ခရီးသွားများအတွက် ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက် ပေးနေသည့် ကားများ၊ အနှေးယာဉ်များ၊ ရေယာဉ်များမှာလည်း ရပ်တန့်နေရချိန်များတာကြောင့် လူမှုစီးပွားဘဝ ရပ်ဆဲလျက်ရှိနေကြပါတယ်။ အကျိုးဆက်အနေဖြင့် ယခုနှစ်သွားလာမှုပိတ်ပင်ထားမှု ကြောင့် နောင်လာမည့်နှစ်အတွက်ပါ ကြိုတင်စာရင်းပေးထားမှုများ မရှိတော့ပြီဖြစ်၍ လုပ်ငန်းရှင်များ စီးပွားရေးကျဆင်းသကဲ့သို့ နိုင်ငံတော်အတွက်ပါ နိုင်ငံခြားဝင်ငွေလျော့နည်းသွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်ပွားခဲ့သော နေရာနှင့်ဝေးကွာသည့် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်မှုကို ဟန့်တားထားခြင်းမှ ပြန်လည်သွားလာခွင့်ပြုရန် ဟိုတယ်ပိုင်ရှင်များ၊ တည်းခိုရိပ်သာ နှင့် ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ကြသူများမှ အထူးစောင့်မျှော်အားကိုးလျက် ရှိနေကြပါတယ်။ ဒါကြောင့် ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများ၏ဆန္ဒအရ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ယခုနှစ်တွင် ပြန်လည်သွားလာခွင့်ပြုရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်လတွင် ပြန်လည်ခွင့်ပြုပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။