(ဃ)-မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလား နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-26

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ တည်ဆောက် ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာရှေးဟောင်းစေတီပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင်ပြည့်စုံ ကြွယ်ဝတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှစပြီးတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ရခြင်းနှင့်အတူ အင်္ဂလိပ်တို့သိမ်းပိုက်ပြီးဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ် လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံမတည်ငြိမ်တဲ့ အခြေအနေများကြောင့်လည်းကောင်း၊ ယခင်ခေတ် အဆက်ဆက်က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ဒေသဝန်ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေးခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်း တစ်ပါးသားများ တရားမဝင်လာရောက်မှုစဉ်ဆက်မပြတ်ရှိနေခဲ့ပါတယ်ရှင့်။ တိုင်းရင်းသားမဟုတ်တဲ့ တိုင်းတစ်ပါး သားတို့ရဲ့ လူဦးရေပြန့်ပွားမှုများ၊ တရားမဝင်ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံ တွေ့ခဲ့ရပါတယ်ရှင့်။ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ မြန်မာနိုင်ငံသားများဖြစ်တယ်လို့ တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာဖြစ်ပေါ် ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီးတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းပြောဆိုကြခြင်းများ ပြုနေကြကြောင်းကိုလည်း တွေ့မြင်သိရှိနေရပါတယ်ရှင်။ အဲ့ဒီအခေါ် အဝေါ်ပေါ်မူတည်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း ကြားသိနေရပါတယ်ရှင်။ အဲ့ဒီအတွက်ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်သောဝန်ကြီး ဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။ (က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါ သလားရှင်။ (ခ) ရှိသည်ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့ ညွှန်းဆို ပြောပြနိုင်ပါသလား ဟု မေးမြန်းပါသည်။