(င)-ရခိုင်ပြည်နယ်ရှိ လယ်သမား ရေငံတား တာတမံများအား ခိုင်မာတောင့်တင်းစိတ်ချရသည့် တာတမံများ ဖြစ်လာစေရေး ပြုပြင်တည်ဆောက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်မှာ လယ်သမားများအနေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်တဲ့နေရာမှာ ပင်လယ်ဒီရေ ဝင်ရောက်နိုင်ရန်အတွက် ရေငန်တားတဲ့တမံများ ဒေသအခေါ် ကာရီများ ဆည်ဖို့ပြီးတော့မှ လုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ ရေငန်တားတမံဆိုတဲ့နေရာမှာလည်းပဲ ရခိုင်ပြည်နယ်မှာ နှစ်မျိုးနှစ်စားရှိပါ တယ်။ ပထမတစ်မျိုးကတော့ နိုင်ငံတော်မှ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ စက်ယန္တရားကြီးများနဲ့ ဆောင်ရွက်တဲ့ ရေငန်တားတမံဖြစ်ပြီးတော့မှ နောက်တစ်မျိုးကတော့ ဒေသခံလယ်သမားတွေနဲ့ မိမိတို့ ရဲ့အစီအစဉ်နဲ့ မိမိတို့ရဲ့လုပ်အားနဲ့ ပင်လယ်ရေမဝင်ရောက်စေနိုင်ရန် ဆည်ဖို့တဲ့ဒေသအခေါ် ကာရီ များပဲဖြစ်ပါတယ်။ စာရင်းဇယားများအရ ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ရေငန်တားတမံ ၃၂ ခုရှိပြီးတော့မှ စုစုပေါင်း မိုင်၂၀၇.၈၉ မိုင်ရှိပါတယ်။ အကျိုးပြုဧက က ၇၉၅၈၄ ဧက ရှိတယ်လို့သိရှိရပါတယ်။ လယ်သမားများအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ရေငန် တားတာတမံ ကာရီများကတော့ ၃၉၄ ခုရှိပြီးတော့မှ စုစုပေါင်းအရှည် ၄၉၅.၆၇ မိုင်နှင့် အကျိုးပြုဧက ၉၈၁၃၆ ဧကရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ စုစုပေါင်းကာရီအရှည်ဟာ ၇၀၃.၅၆ မိုင်ရှိ ပြီးတော့မှ အကျိုးပြုဧက ၁၇၇၇၂၀ ဧကရှိကြောင်းလည်းပဲ ကျွန်တော်တို့ သိရှိရပါတယ်။ လယ်သမား တာများကို လယ်သမားများဟာ မိမိတို့အစီအစဉ်နှင့်တတ်စွမ်းသမျှ ဆောင်ရွက်ကြတာဖြစ်တဲ့ အတွက် နိုင်ငံတော်အစီအမံဖြင့် ဆောင်ရွက်ပေးတဲ့တာတမံများကဲ့သို့ တာပေါင်များကြီးမားခိုင်ခံ့မှုမရှိပါ။ ရေတံခါးများမှာလည်းပဲ ခိုင်မာတောင့်တင်းခြင်းမရှိတဲ့အခြေအနေဖြစ်ပါတယ်။ အဲလို အခြေအနေများ ကြောင့် နှစ်စဉ်လိုလိုမှာပဲ ပင်လယ်ဒီရေများ ဝင်ရောက်မှုကြောင့် လယ်သမားတာများ ကျိုးပေါက် ပြီးတော့မှ လယ်သမားများစိုက်ပျိုးထားတဲ့ စိုက်ပျိုးသီးနှံများ မကြာခဏ ဆုံးရှုံးမှုများ ကြုံတွေ့နေရပါ တယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ မုန်တိုင်းများမကြာခဏ ဝင်ရောက်တိုက်ခတ်လျက်ရှိတဲ့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်လည်း တစ်နှစ်ထက်တစ်နှစ် ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာပြီးတော့မှ ဒီရေများ ပိုမိုကြီးမြင့်လာတဲ့အတွက် လယ်သမားကာရီအများ ပျက်စီးဆုံးရှုံးမှုများဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း တွေ့ရပါတယ်။ လယ်သမားများအနေနဲ့လည်း ၎င်းတို့ရဲ့ တာတမံများ၊ ကာရီများကို ကြိုးစားပြုပြင်ကြသော်လည်းပဲ တချို့နေရာဒေသများမှာ မတတ်နိုင်တော့ တဲ့အခြေအနေဖြစ်ပေါ်လျက်ရှိပါတယ်။ တချို့ကျေးရွာမှ လယ်သမားများဟာလည်းပဲ ဒီရေဝင်ရောက် မှုကို မတားဆီးနိုင်တော့တဲ့အတွက် လယ်မြေများကို စွန့်လွှတ်ပြီးတော့မှ တခြားသော လုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်သွားကြကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အဲဒီ လယ်သမားကာရီများ တမံများကို ရေတံခါးများအပါအဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံချက် ချမှတ်ပြီးတော့မှ ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက်ကို ပြုပြင်ပေးဖို့အထူးပဲလိုအပ်လျက်ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်ယန္တရားများနှင့် ခိုင်မာတောင့်တင်းတဲ့ တာတမံများ၊ ရေတံခါးများ တည်ဆောက်ပေးမှသာလျှင် ရခိုင်ပြည်နယ်မှာရှိတဲ့ လယ်သမားများ အတွက် လုံခြုံစိတ်ချစွာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်းပဲ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျွန်တော်တို့ လယ်သမားများအတွက် ကာရီများပြုပြင်ဖို့ကို ပြီးခဲ့တဲ့နှစ်က သန်းပေါင်း ၃၀၁၃ သန်းချမှတ်ခွဲဝေပေး ခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်းပဲ လယ်သမားတာ ၈၆ ခုကို ဆောင်ရွက်မယ်လို့ တင်ပြထားပါတယ်။ လာမယ့်နှစ်မှာလည်းပဲ သန်းပေါင်း ၅၀၀ လယ်သမားကာရီ တမံများ ပြုပြင်ဖို့ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အဆိုပါ ကာရီတာတမံများကို စိတ်ချရတဲ့ တာတမံများဖြစ်လာစေရေး အတွက်ကို စီမံချက်ရေးဆွဲပြုပြင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်း လိုတဲ့မေးခွန်းကတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လယ်သမားရေငန်တားတာတမံများ ဒီရေ ဝင်ရောက်မှုအန္တရာယ်မှ ကာကွယ်ဖို့အတွက် ခိုင်မာတောင့်တင်းစိတ်ချရတဲ့ တာတမံများဖြစ်လာ စေရေး စီမံချက်ရေးဆွဲပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်မည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။