(စ)-သထုံမြို့နယ်၊ ပြည်တော်သာ တူးမြောင်းအား ပြန်လည်တူးဖော်ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
သထုံမြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်တော်သာတူးမြောင်းဟာ ကျွန်တော်တို့ ပါလီမန်ဒီမိုကရေစီခေတ် ဖဆပလအစိုးရလက်ထက် မှာ ပြည်တော်သာစီမံကိန်းကြီးကို အကောင်အထည်ဖော်ပြီး ပြည်တော်သာရမည်ဆိုတဲ့ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့တဲ့ တူးမြောင်းကြီးဖြစ်ပါတယ်။ အခု ဒီတူးမြောင်းကြီးဟာ ရှေးယခင်ကတည်းက တောင်သူလယ်သမားများအတွက် ကူညီရရှိဖို့အတွက်ကို တူးဖော်ပေးခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ အပေါ်ကွင်းတွေဖြစ်တဲ့ ပင်လယ်နှင့် တိုက်ရိုက်ဆက်စပ်နေတဲ့အတွက်ကြောင့်မို့လို့ မိုးရာသီရောက်တဲ့အခါမှာ နောင်ကုလား၊ နောင်ဘို၊ မရမ်းကုန်းစတဲ့ လယ်ကွင်းများဟာဆိုရင်ရေနစ် မြုပ်မှုဒဏ်ကနေပြီးတော့ ကင်းဝေးခဲ့ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံတော်မှ စေတနာထားပြီးတော့ ဆည်မြောင်းတာတမံများကို ပြုလုပ်ပေးတဲ့အခါမှာ ဆိုက်ကရဲရေထိန်းတံခါး၊ မရမ်းကုန်း ရေထိန်းတံခါး၊ ဆိတ်ကျွန်းရေထိန်းတံခါး ဒီရေထိန်းတံခါးတွေကို ရေထိန်းပြီးတော့ သီးထပ်သီးညှပ်တွေစိုက်ပျိုးဖို့ အတွက် စေတနာထားပြီး လုပ်ဆောင်ခဲ့သော်ငြားလည်း မိုးရာသီကုန်ပြီး နွေရာသီရောက်တဲ့အခါမှာ ရေကိုထိန်းထားတဲ့အခါမှာ ရေထိန်းတံခါးရဲ့နောက်ကျောတွေမှာ နုန်းတွေပို့လာပြီးတဲ့အခါမှာ ရေထိန်းတံခါးတွေဟာ ဖွင့်လို့မရတဲ့အဆင့်မျိုးကို ပြီးခဲ့တဲ့မိုးရာသီမှာ ကျွန်တော်တို့ ကိုယ်တိုင်ကို တွေ့ရှိ ခဲ့ရပါတယ်။ အဲဒီလို တံခါးတွေဖွင့်လို့မရတဲ့အတွက်ကြောင့်မို့ အပေါ်ကွင်းတွေဟာ ရေတအားကြီး ပြီးတော့ ရေလျှံမှုဖြစ်တဲ့အတွက် လယ်သမားများအနေနဲ့ စပါးပျိုးထောင်လိုက် သေလိုက်နဲ့ အကြိမ် ကြိမ်ပြုလုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဆင်းရဲမှုလုံတွင်းကလည်း ဘယ်လိုမှ လွတ်ကင်းနိုင်မှာမဟုတ်ပါ ဘူး။ ဒါကြောင့်မို့လို့ ရှေးယခင်က တူးဖော်ပေးခဲ့တဲ့ ပြည်တော်သာတူးမြောင်းကြီးဟာဆိုရင် ပေအားဖြင့် ၃၀၀၀ ကျော်ရှည်လျားပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတူးမြောင်းကြီးကို ယခုအခါမှာ နုန်းတွေပြည့်ပြီးဖြစ်နေတဲ့အတွက်ကြောင့်မို့ တူးမြောင်းမဖြစ်တော့ဘဲ ကားလမ်းသဘောမျိုးတောင်မှ ဖြစ်နေတဲ့အဆင့်မျိုးဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်းလိုတာက ဒီတူးမြောင်းကြီးကို ကျွန်တော်တို့ လယ်သမားများအတွက် ရေကြီးမှုဒဏ်ကနေ ကင်းလွတ်ဖို့အတွက်ကို အချိန်မီပြန်လည် တူးဖော်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် ပြန်လည်တူးဖော်ပေးမည်ဖြစ်ကြောင်း မေးမြန်း ပါသည်။