(ဃ)-မြေပုံမြို့နယ် ငမန်းရဲကျွန်း အစိုးရတာအား နိုင်ငံတော်က ဆည်ဖို့ပေးခြင်းရည်ရွယ်ချက်နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-26

 

မြေပုံမြို့နယ်မှာရှိတဲ့ ငမန်းရဲကျွန်းအစိုးရတာဟာ ပတ်လည် အားဖြင့် ၃၆ မိုင်ရှည်လျားပြီးတော့ လယ်မြေအကျိုးပြုဧကအနေနဲ့ ၁၂၀၃၆ ဧက ရှိပါတယ်။ လယ်သမားမိသားစု ၈၀၀ ကျော်ဘဝရပ်တည်ရေးအတွက် အားကိုးအားထားပြုနေရတဲ့ ကျွန်းကြီး တစ်ကျွန်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြေပုံမြို့နယ်ရဲ့ အဓိကစပါးစိုက်တဲ့ ကျွန်းကြီးတစ်ကျွန်း ဖြစ်ပါတယ်။ အဲ့ဒီကျွန်းကြီးဟာ ၂၀၀၄၊ ၂၀၁၀ မုန်တိုင်းတွေမှာ မုန်တိုင်းဒဏ်တွေကြောင့် ပျက်စီးသွား ပြီးတော့ တစ်ဖက်က နိုင်ငံတော် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆည်ဖို့ပါတယ်။ တစ်ဖက်က ပြည်သူတွေကလည်း မိမိတတ်နိုင်သလောက် လုပ်အားနဲ့ဆည်ဖို့ကြပါတယ်။ အဲဒီအချိန်မှာ မနိုင်နင်းတဲ့နေရာတွေမှာ အထူးသဖြင့် ဒီအစိုးရတာ တာပေါင်ရိုးနှင့် ကပ်ပြီးတော့နေတဲ့ နေရာတွေမှာ ပုစွန်ကွင်းလုပ်ငန်းရှင်တွေက အဲဒီနေရာတွေကို နည်းအမျိုးမျိုးနဲ့ရယူပြီးတော့ ပုစွန်ကွင်းတွေ တည်ဆောက်ကြပါတယ်။ ပုစွန်ကွင်းရဲ့သဘောသဘာဝက အပြင်က ဒီရေထလာတဲ့အခါမှာ ဒီရေတွေကိုသွင်းပါတယ်။ ပြီးတော့ ပြန်ထုတ်ပါတယ်။ အဲ့ဒီလိုနဲ့ပုစွန်မွေးရပါတယ်။ သဘာဝသား ပေါက်သွင်းတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီလို ရေသွင်းရေထုတ်လိုက်ခြင်းအားဖြင့် တံခါးတွေအများကြီး တပ်ရပါတယ်။ ပြီးတော့ ရေသွင်းတဲ့ရေထုတ်တဲ့အလုပ်ကို နေ့စဉ်လုပ်နေရလို့ ရေတံခါးတစ်ခု၊ ချောင်းတစ်ချောင်း အဲ့ဒီလိုကြာလာရင် ကွင်းတစ်ခုလုံးလည်း ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို ပျက်စီးသွားတဲ့ ကွင်းပေါင်းလည်း မနည်းတော့ပါဘူး။ အခုပြောနေရတာက နိုင်ငံတော်က အကုန် အကျခံတည်ဆောက်ပေးထားတဲ့ ကွင်းမို့လို့ ပြောနေရတာပါ။ ပုဂ္ဂလိကကွင်းပေါင်း မြောက်မြားစွာ လည်း အဲဒီလို ပြဿနာမျိုး ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။ ၂၀၀၄ ခုနှစ် မုန်တိုင်း နောက်ပိုင်းမှာ အဲဒီလိုဖြစ်တဲ့အချိန်အခါကို အခွင့်ကောင်းယူပြီးတော့ ရေတံခါးတွေတပ်ပြီးတော့ တာပေါင်ရိုးနှင့်ကပ်နေတဲ့ကွင်းတွေမှာ ပုစွန်မွေးကြပါတယ်။ အဲ့ဒီလို ပုစွန်မွေးခြင်းကြောင့် ရေငန်သွင်း တဲ့အခါမှာ ဆည်ထဲမှာရှိတဲ့ ကွင်းရဲ့တစ်ဖက်လယ်ကွင်းတွေက ရေငန်ဝင်ပြီးတော့ အကုန်လုံး ပျက်စီးရပါတယ်။ ရေအောက်ကို ရောက်သွားပါတယ်။ စပါးခင်းတွေ ပျက်စီးပါတယ်။ အတွင်းမှာ ရေငန်တွေဝင်လာတဲ့အတွက် အဲဒီရေကိုမှီခိုနေရတဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေအဖို့ သောက်ရေ မရဖြစ်ပါ တယ်။ တချို့ရွာတွေဆိုရင် လမ်းတွေအထိ ရေမြုပ်ပါတယ်။ ကန်တွေမှာ ရေငန်ဝင်နေတဲ့အတွက် ရေငန်တက်ပြီးတော့ သောက်ရေကန်တွေပျက်စီးပါတယ်။ အဲဒီလို အမျိုးမျိုးအဘက်ဘက်က ပြဿနာ တွေအများကြီးရှိပါတယ်။ လယ်သမားတွေလည်း နှစ်စဉ်နှစ်တိုင်းပဲ အဲဒီလို ဒုက္ခမျိုးခံနေရပါတယ်။ ရွာတစ်ရွာက ရွာလူကြီးတစ်ယောက်ပြောတာက သူတို့ရွာမှာ အဲဒီလို ပုစွန်ကွင်းက ရေသွင်းထားလို့ သင်္ချိုင်းမှာ အသုဘသြင်္ဂိုလ်တာကို ရပ်တန့်ထားရတယ်ဆိုတဲ့အထိပြောပြပါတယ်။ အဲဒီလို ဆိုးကျိုးမျိုး နဲ့ဖြစ်ပါတယ်။ အဲဒီတာတွေဟာ တစ်ကျွန်းလုံးကိုပတ်ပြီးတော့ တည်ဆောက်ထားရတဲ့တာ ဖြစ်ပါတယ်။ အဲဒီတာမရှိရင် အဲဒီရွာတွေလည်း မရှိပါဘူး။ အကုန်လုံးရေအောက်ကို ရောက်သွားတဲ့ အတိုင်းအတာ ရှိပါတယ်။ ဒါကြောင့် ဒီတာဟာ လယ်သမားတွေအဖို့ အသက်တမျှ လောက်အရေးကြီးပါတယ်။ အဲ့ဒီလို အခြေအနေမှာ လုပ်ငန်းရှင်တွေက ကျွန်တော်တို့ နိုင်ငံတော်က အပြီးအပြတ် တစ်နှစ်တည်းနဲ့ ဆည်မဖို့ နိုင်တာကို အခွင့်ကောင်းယူပြီးတော့ လုပ်ကြတယ်။ အဲဒီတော့ ကွင်းတွေမှာ ပုစွန်ကွင်း ၁၀ ကျော် လောက်ရှိတယ်။ အဲဒီအပိုင်းမှာ ရေတံခါးက ၆၀ လောက်ရှိတယ်။ အဲဒီနေရာကို ဒီနေ့ နိုင်ငံတော်က အပိုင်းလိုက်ဆည်ဖို့ပေးပါတယ်။ ၁၉၇၇-၁၉၇၈ ခုနှစ်ကတည်းက နိုင်ငံတော်က အဲဒီတာတမံကို ထိန်းသိမ်းတာ၊ စောင့်ရှောက်တာ၊ ပြုပြင်တာ၊ မွမ်းမံတာတွေလုပ်ပေးလာပါတယ်။ မနှစ်ကလည်း လုပ်ပေးတယ်။ ဒီနှစ်လျာထားချက်အပိုင်း ဝါးကောက်ကြီးကျေးရွာနှင့် အတွင်းငခူချောင်းကျေးရွာ ကြားမှာရှိတဲ့ အပိုင်းကိုဆည်ဖို့တဲ့အခါမှာ အဲ့ဒီအပိုင်းကြားမှာ လယ်ကွင်းနဲ့ ကပ်လျက် ပုစွန်ကွင်း တွေရှိပါတယ်။ အဲဒီပုစွန်ကွင်းက ရေတံခါးက အလုံး ၆၀ လောက်ရှိပါတယ်။ အဲဒီနေရာကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်ကသွားပြီးတော့ ပိတ်တဲ့အခါမှာ သူတို့က အပိတ်မခံဘူး။ အနှောင့်အယှက်အမျိုးမျိုးပေးတယ်။ လူအင်အားပြပြီးတော့ ခြိမ်းခြောက်တယ်။ ပြည်နယ်မှာ ခွင့်ပြုချက်ရထားပြီးပြီ။ အဲဒီခွင့်ပြုချက်ရထားပြီးတာမို့လို့ မပိတ်နဲ့ အဲ့ဒါမျိုးတားပါတယ်။ အဲ့ဒါ ၂ လကျော် အခုဆိုရင် ဒီမေးခွန်းမေးတဲ့အချိန်မှာဆိုရင် ၃ လကျော်လာပါပြီ။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အဲဒီအပိုင်း ဆည်ဖို့ခြင်းကို ရပ်တန့်ထားရပါတယ်။ အဲဒီလို ရပ်တန့်ထားတဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေမှာ အချိန်နှင့်တစ်ပြေးညီ အဲဒီ တာတမံတွေ မပြီးပြတ်ရင် ဒုက္ခအများကြီး ရောက်မှာဖြစ်ပါတယ်။ အဲဒီတာတမံရဲ့ ကြံ့ခိုင်မှုဟာလည်း မိုးကျလာရင် အကုန်လုံးပျက်စီးသွားနိုင်ပါတယ်။ ဒီလယ်သမားတွေ မိသားစု ၈၀၀ ကျော်လောက် စီးပွားရေး လုပ်ငန်းရှင် ၁၀ ဦးကြောင့် ဒီလူတွေဒုက္ခရောက်တယ်ဆိုတာ မဖြစ်သင့်ဘူး။ တစ်ဖက်က ဆည်‌ွမောင်း ဌာနရဲ့ ဥပဒေကိုလည်း ချိုးဖောက်နေတယ်။ ဆည်မြောင်းဌာနရဲ့ ဒီတာတမံကို ဆည်ပေးတာဟာ ရေငန်မဝင်အောင်တားပေးခြင်းဖြစ်တယ်။ လယ်သမားအတွက် ဖြစ်ပါတယ်။ အခုဟာက လယ်ယာမြေ ဥပဒေကိုလည်း ချိုးဖောက်နေပါတယ်။ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးမပြုရဆိုတဲ့ဥပဒေလည်း ရှိပြီးသားဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေကိုလည်း နှောင့်ယှက်တယ်။ ဒါပေမယ့် တရားစွဲတော့ အဲ့ဒီလို တရားစွဲဖို့အ‌ွခေအနေကို ရောက်မလာဘူး။ ပြည်နယ်က တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ကတားထားတယ်။ ဒါတွေကို ဆည်မဖို့ပါနဲ့ နောက်ပိုင်း မှာတော့ ဆယ်ပါ။ ဒါပေမယ့် ရေတံခါးတွေကိုတော့ မပိတ်ပါနဲ့ဆိုပြီးတော့ စာထုတ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးဖြစ်နေရင်တော့ ကျွန်တော်တို့ မြေပုံမြို့နယ်တစ်မြို့ရဲ့ ဒီငမန်းရဲကျွန်းတာကို စံပြနမူနာ အဖြစ်တင်ပြတာပါ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်နေတဲ့ ပြဿနာ။ ပေါက်တော၊ မင်းပြားမြို့နယ်ကလည်း ကျွန်တော့်ကို ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ အစိုးရတာတမံတွေ ဆည်ဖို့ရာမှာ လုပ်ငန်းရှင်တွေက နှောင့်ယှက်နေလို့ ကျွန်တော်တို့ ဒုက္ခရောက်နေပါတယ်ဆိုတဲ့ အကြောင်း အမြဲတမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက ဒီလို ရေငန်တား တာတမံတွေကို အားကိုးပြီးတော့ စိုက်ပျိုးနေရတဲ့အခြေအနေကြောင့် စီးပွားရေးလုပ်ငန်းရှင်နဲ့ လယ်သမားတွေနဲ့ ဝိရောဓိဖြစ်လာတယ်။ ဒါကို ဖြေရှင်းပေးမယ့်လူမရှိဘူး။ ဖြေရှင်းပေးမယ့်လူက ဥပဒေကိုဖောက်ဖျက်ပြီးတော့ လုပ်ငန်းရှင်ဘက်က ဝင်ပြီးကာတယ်။ အဲ့ဒီအပြင် ပုဂ္ဂလိကကွင်းတွေမှာ ဒီလယ်ကွင်းနဲ့ ပုစွန်ကွင်းပြဿနာတွေ အများကြီးရှိသေးတယ်။ တစ်ဖက်ကပုစွန်ကွင်းလုပ်တယ်။ တစ်ဖက်က လယ်ယာမြေတွေ ပျက်စီးတယ်။ တိုင်တယ်။ အဖြေမရဘူး။ ဌာနဆိုင်ရာကတော့ ဒါတွေ မဖြေရှင်းပေးနိုင်ဘူး။ ကျွန်တော်တို့ ဥပဒေတွေကို တစ်ဖက်ကနစ်နာအောင်၊ တစ်ဖက်ကအကျိုးရှိရင် တစ်ဖက်ကနစ်နာမယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က ဖြေရှင်းလို့ရတာမဟုတ်ဘူး။ ပြည်နယ်အတွက် ဘယ်လောက်ဝင်ငွေရှိမယ်။ ပုစွန်ကတော့ ဝင်ငွေရှိတယ်။ စပါးကတော့ သုံးစားမယ့်သူတောင် မရှိဘူး။ ဆင်းရဲတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းလို့လည်းမရဘူး။ ကျွန်တော်တို့ ဖြေရှင်းရမှာက တည်ဆဲဥပဒေကို လိုက်နာပြီးဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်ပြည်သူကိုယ့်မဲဆန္ဒနယ်ရှင် ပြည်သူ အတွက် တစ်ဖက်ကိုမှ မနစ်နာစေချင်ပါဘူး။ ဒါပေမယ့် ဖြေရှင်းရမယ့် ပြဿနာတွေက သေးရာက အကြီးကြီးဖြစ်လာမှာစိုးလို့ ကျွန်တော်တို့က ဒါကိုဝင်ပြီးတော့ လွှတ်တော်ဆီမေးခွန်းမေးရခြင်း ဖြစ်ပါ တယ်။ ဒီတော့ ကျွန်တော် အများကြီးကြိုးစားကြည့်ပါတယ်။ မရပါဘူး။ ညှိနှိုင်းဖို့လည်း ကြိုးစားဖူး ပါတယ်။ မရပါဘူး။ တစ်ဖက်ကလည်း ကျွန်တော့်ကို ဒေါသနှင့် တုံ့ပြန်လာတာတွေရှိပါတယ်။ ဒီတော့ ကျွန်တော်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လွှတ်တော်မှာတင်ပြီးတော့ မေးခွန်းမေးခြင်းအားဖြင့် ဒါအဖြေရတန်ကောင်းရဲ့ ဆိုပြီးတော့ ကျွန်တော်လွှတ်တော်အထိ ဒီမေးခွန်းရောက်လာခြင်း ဖြစ်ပါ တယ်။ ဒီမေးခွန်းဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လယ်သမားတွေအတွက် အတော့်ကိုအရေးကြီး ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ လွှတ်တော်က ဝန်ကြီးဖြေမယ့်အဖြေကို လယ်သမားတွေက စောင့်မျှော်နားထောင်ဖို့ အများကြီး စိတ်ဝင်စားအားသန်နေကြပါတယ်။ သူတို့အတွက် ကယ်တင်မယ့် လွှတ်မိန့်ဖြစ်မလား။ သူတို့ဘဝတစ်ခုလုံးကို သေအောင်သတ်မယ့် သတ်မိန့်ဖြစ်ပါမလားဆိုတာကို ပြည်သူတွေအများကြီး စိတ်ဝင်စားနားထောင်နေကြပါတယ်။ ဒီအဖြေမှာ ကျွန်တော်တို့ လယ်သမား တွေဘက်က အားနည်းချက်ရှိသွားမယ်ဆိုရင်တော့ ဒီငမန်းရဲကျွန်းတာတမံကို နမူနာလုပ်ပြီးတော့ တခြားကျွန်းတွေလည်း အများကြီးပျက်စီးသွားဖို့အလားအလာရှိပါတယ်။ ဒီတော့ ပြည်နယ်အစိုးရက အဲ့ဒီလို တည်ဆဲဥပဒေတစ်ရပ်ကို လျစ်လျူရှုပြီးတော့ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ပြည်နယ်အစိုးရမှာ ဥပဒေပြုလို့ရပါတယ်။ ဒါကတော့ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေတွေဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ချင်ရင် ဥပဒေပြုပါ။ ဒါပေမယ့် ဥပဒေဆိုတာ နိုင်ငံတော်က ပြဋ္ဌာန်းတဲ့ဥပဒေတွေကိုတော့ ပြည်နယ်အစိုးရက ပြုပြင်နိုင်မယ်လို့ ကျွန်တော်က မထင်ပါဘူး။ ဒါကြောင့် လက်ရှိအခြေအနေအရပဲ ကျွန်တော်တို့က ပြည်ထောင်စုက ပြဋ္ဌာန်းထားတဲ့ဥပဒေ ဝန်ကြီးဌာနကပြဋ္ဌာန်းထားတဲ့ဥပဒေကို ချိုးဖောက်ပြီး ဒီလိုဖြစ်နေတဲ့အတွက်နဲ့ ဒီလိုပြဿနာတွေကို ဝန်ကြီးဌာနမှာ‌ွဖေရှင်းဖို့ တာဝန်ရှိပါတယ်။

           (၁) ငမန်းရဲကျွန်းအစိုးရတာတမံအား နိုင်ငံတော်က ဆည်ဖို့ပေးခြင်း ရည်ရွယ်ချက်မှာ စပါးစိုက်ပျိုးရန်အတွက် ဖြစ်သည်ဆိုလျှင်မှန်ပါသလား။ (၂) နိုင်ငံတော်က တည်ဆောက်ပေးသော အစိုးရတာအတွင်းတာကို ချိုးဖောက်လျက် ရေငန်သွင်းပြီး ပုစွန်ကွင်းများ တည်ဆောက်မွေးမြူခွင့်ရှိပါသလား။ (၃) ပြည်ထောင်စုအစိုးရဌာနတစ်ခုခု၏ ဆောင်ရွက်နေသော လုပ်ငန်းများကို ဥပဒေကိုမျက်ကွယ်ပြုလျက် ပြည်နယ်အစိုးရဝန်ကြီး တာဝန်ရှိသူ တစ်ဦးဦးက ပိတ်ပင်ခွင့်ရှိပါသလား။ (၄) ငမန်းရဲကျွန်း အစိုးရတာအချိန်မီပြီးမြောက်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။