(ခ)-မောင်တောမြို့နယ်၊ အလယ် သံကျော်ဒေသနှင့် အခြားမြို့နယ်များတွင် စက်မှုလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နိုင်ရေး စီစဉ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်မတို့ရဲ့ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်ရေပြင်နဲ့ ဆက်စပ်တည်ရှိပြီးတော့ မြစ်ကြီးများ၊ ချောင်းများပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ အနောက်ဘက်ရှိ လူဦးရေအလွန်သိပ်သည်းများပြားသော အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက်မိုင်၂၅၀ ခန့် တစ်ဆက်တည်းတည်ရှိနေပါတယ်။ ရခိုင်ပြည်နယ်၏ လက်ရှိလူဦးရေကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားမဟုတ်တဲ့ တိုင်းတစ်ပါးသားလူဦးရေမှာ အထူး သဖြင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှာ တိုင်းရင်းသားလူဦးရေထက်ပိုမိုလွှမ်းမိုးနေတာကို တွေ့ရှိရပါတယ်။ ရသေ့တောင်နှင့် စစ်တွေ၊ ပေါက်တောမြို့နယ်များတွင် တိုင်းရင်းသားများ၏ လူဦးရေ ကိုလွှမ်းမိုးဖွယ်ရာအခြေအနေများလည်းရောက်ရှိနေပါတယ်ရှင်။ တိုင်းတစ်ပါးသားလူဦးရေများပြား တိုးပွားလာတဲ့အတွက် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့အခြေအနေ များလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားလူမျိုးများမှာ စုစုပေါင်းကြည့်မယ်ဆိုရင် မြို့နေလူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိနေတာကိုတွေ့ရှိရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများမရှိခြင်း၊ ဒေသဖွံ့ဖြိုးမှုများ မရှိသလောက်နည်းပါးနေခြင်းတို့ကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ လူဦးရေအင်အားဟာ တဖြည်းဖြည်းလျော့နည်းကျဆင်းလာတာဖြစ်ပါတယ်ရှင်။ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသ မှာ ကမ်းခြေတစ်လျှောက်သင်္ဘောပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း၊ ပင်လယ် ကမ်းနားအပန်းဖြေစခန်းလုပ်ငန်းများနှင့် အခြားသောမြို့နယ်ဒေသများမှာ အထည်ချုပ်လုပ်ငန်း၊ လုပ်သားအင်အားအများအပြားလိုအပ်သော စက်မှုလုပ်ငန်းများကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ပေးရန်လိုအပ်လျက်ရှိနေပါတယ်။ ဒီလိုလုပ်ငန်းတွေထူထောင်လာပါမှ အခြားသော မြို့နယ်မှ တိုင်းရင်းသားများကလည်း အလုပ်အကိုင်အတွက် လာရောက်လုပ်ကိုင်အခြေချနေထိုင် လာကြမှာဖြစ်တဲ့အတွက် မောင်တောမြို့နယ်မှာတိုင်းရင်းသားလူဦးရေအချိုးလည်း ပြန်လည်မြင့်တက် လာနိုင်မှာလည်းဖြစ်ပါတယ်။ ပြည်ထောင်စုအနောက်ဘက်တံခါးကို လုံခြုံခိုင်မာစွာကာကွယ်စောင့် ရှောက်ပြီးသားလည်း ဖြစ်သွားပါလိမ့်မယ်ရှင်။ သို့ဖြစ်ပါ၍ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသ နှင့် အခြားသောမြို့နယ်များတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလာရောက်လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကိုသိလိုသည့်အတွက် မေးမြန်းပါသည်။