(င)-ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအရသိမ်းယူခဲ့သော လယ်ယာမြေများကို လယ်ယာမြေဥပဒေ နှင့်အညီဖြစ်စေရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

တစ်နိုင်ငံလုံးမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အားလုံးဟာ ဒီမိုကရေစီရင့်ကျက်အောင်လို့ ကျွန်တော်တို့ လေ့ကျင့်ပျိုးထောင်ကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိတဲ့ လူတွေအနေနဲ့ တည်ဆဲဥပဒေတွေကို အသေးအဖွဲလို့သဘောမထားဘဲနဲ့ ထိန်းသိမ်းကြပ်မတ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ မေးခွန်း ၃ ခုကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး အတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့(၁)မှာ အဖွဲ့ဝင်အဖြစ်ကျွန်တော်ပါဝင်ပြီးတော့မှ လယ်မြေသိမ်းတဲ့ကိစ္စတွေကို ကျွန်တော်တို့ လိုက်လံစုံစမ်းတဲ့အခါမှာ ဒီလယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ ဥပဒေကိုသိလျက်နဲ့ဖြစ်စေ၊ မသိလို့ပဲဖြစ်စေဖောက်ဖျက်နေတဲ့ကိစ္စတွေတွေ့ရှိနေရပါတယ်။ ဒီလို ဥပဒေဖောက်ဖျက်တဲ့ကိစ္စတွေကို ဒါဟာ ဥပဒေနဲ့မညီညွတ်ဘူး။ ဖောက်ဖျက်နေပြီ။ ထိုက်သင့် သလိုအရေးယူပေးပါ။ ထိုက်သင့်သလို စီမံဆောင်ရွက်ပေးပါဆိုပြီးတော့ ကျွန်တော်တို့ ကော်မရှင် အနေနဲ့စာထွက်ပေမယ့် တချို့ကုမ္ပဏီတွေကအောက်ခြေဝန်ထမ်းတွေဟာ အဲ့ဒီစာတွေကို ဆုတ်ဖြဲပြီး တော့မှ သူတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ ဆက်ပြီးတော့မှ လ/န (၃၉) မကျသေးတဲ့ လယ်မြေတွေမှာ ခြံစည်းရိုးခတ်တာတို့၊ လမ်းဖောက်တာတို့ကို ဆက်ပြီးတော့ဆောင်ရွက်နေပါတယ်။ လ/န(၃၉)မကျ သေးတဲ့လယ်မြေတွေမှာ ခြံစည်းရိုးခတ်တယ်၊ လမ်းဖောက်တာဟာ လယ်ယာမြေဥပဒေကိုဖောက်ဖျက် တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီကိစ္စတွေကို မြို့နယ်အဆင့်တာဝန်ရှိတဲ့လူတွေကို ပြောတဲ့အခါမှာ လည်း ဆက်လက်အရေးမယူပါဘူး။ တိုင်းအဆင့်တာဝန်ရှိတဲ့လူတွေဆီကို စာနဲ့ အကြောင်းကြားပြီး တော့မှ အကြိမ်ကြိမ်အကြောင်းကြားတဲ့အခါကျမှ တားဆီးတာကိုတွေ့ရပါတယ်။ အဲ့တော့ ဥပဒေတွေ ကို အသေးအဖွဲလို့သဘောထားပြီးတော့မှ ချိုးဖောက်နေမယ်ဆိုရင် အမှိုက်ကစ ပြဿဒ်မီးလောင် ဆိုသလို တဖြည်းဖြည်းအလေ့အကျင့်ဖြစ်သွားပြီးတော့မှ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ နောက်ပြန်လည်သွားနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီမေးခွန်း ၃ ခုကို မေးမြန်းရ ခြင်း ဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအရ ယခင်က မြေသိမ်းဆောင်ရွက်ခဲ့ရာတွင် လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့် လ/န(၃၉) ခွင့်ပြုမိန့် မကျသေးသောမြေများသည် ဥပဒေအရလယ်ယာမြေအဖြစ်သာတည်ရှိနေဆဲဖြစ်၍ ထိုမြေများတွင် သက်ဆိုင်ရာလယ်သမားများ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ခွင့်မရအောင် တားဆီးဟန့်တားနေခြင်း၊ ထိုလယ်ယာမြေများတွင် လယ်ယာမြေဥပဒေကိုဖောက်ဖျက်ကာ ကွန်ကရစ်လမ်းများကို ကုမ္ပဏီက ဖောက်လုပ်နေခြင်း၊ လယ်ယာမြေများကိုခြံခတ်နေခြင်းများရှိနေသည်ကို ပြည်ထောင်စုအစိုးရအနေနဲ့ သိပါသလား။ သိရှိပါက လယ်ယာမြေဥပဒေနှင့်အညီဖြစ်စေရန် ဖောက်ဖျက်နေသူတို့ကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်နည်း။ ထိုလယ်မြေလုပ်ပိုင်ခွင့်ရထားသောလယ်သမားများ မိမိတို့၏ လယ်ယာမြေများကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရအောင် မည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုပါ တယ်။ 

စီမံကိန်းအရ မြေသိမ်းဆောင်ရွက် ပေမယ့် လ/န(၃၉) အမိန့်မကျသေးသဖြင့် လယ်သမားများမှ စိုက်ပျိုးနေသောလယ်မြေများကို ခြံစည်းရိုးကာရံခြင်းကြောင့် မိုးရေတွေမစီးထွက်ဘဲ စပါးပင်များရေနစ်သေဆုံးသဖြင့် လယ်သမားအချို့ နစ်နာဆုံးရှုံးနေမှုများရှိနေတာကို တွေ့နေရပါတယ်။ လ/န(၃၉) အမိန့်မကျသေးတဲ့ လယ်မြေအား ခြံစည်းရိုးခတ်ခြင်းသည် လယ်ယာမြေဥပဒေနှင့်ညီညွတ်မှုမရှိ၍ ဥပဒေနှင့်ညီညွတ်စေရန်မည်‌ကဲ့သို့ အရေးယူဆောင်ရွက် ပေးမည်ကိုသိလိုပါတယ်။

ဌာနဆိုင်ရာအချို့ဟာ လယ်သမားများ ဓားမဦးချလုပ်ကိုင် နေတဲ့ ဦးပိုင်အမည်မပေါက်သေးသော လယ်မြေအချို့ကို ဦးပိုင်အမည်ဖောက်၍ စာရွက်ပေါ်တွင် သိမ်းဆည်းလိုက်ပြီး အမှန်တကယ်ဓားမဦးချစိုက်ပျိုးလုပ်ကိုင်နေသူများထံမှ ဥပဒေကိုမျက်ကွယ်ပြု၍ သီးစားခများ တောင်းခံနေခြင်း၊ ဦးပိုင်အမည်မပေါက်ခြင်းကိုအကြောင်းပြု၍ မူလဓားမဦးချလုပ်ကိုင် နေသူများအားဖယ်ရှား၍ အခြားသူများအားလုပ်ကိုင်စေပြီး သီးစားခရယူနေခြင်းများလည်းရှိနေသဖြင့် လယ်သမားအချို့မှာနစ်နာမှုများရှိနေပါတယ်။ လယ်ယာမြေဥပဒေနှင့်အညီဖြစ်စေရန်အတွက် မည်ကဲ့သို့ကြပ်မတ်ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။