(စ)-ဥတိုစိုက်ကွင်းကြီးတစ်ခုလုံးကို ဆက်လက်လုပ်ကိုင်ရန်အစီအစဉ်များနှင့်စပ်လျဉ်းသည့်မေးခွန်း
တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးပိုင် ဥတိုစိုက်ကွင်းကြီး ရှိပါတယ်။ အဲ့ဒီ စိုက်ကွင်းတည်နေရာဟာ ယခင်က ကိုင်းတောကြီးဖြစ်ပြီးတော့ မြေနိမ့်ကွင်းတွေလည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကစပြီးတော့ ဒီ ကိုင်းတောကြီးကိုရှင်းလင်းပြီးတော့ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးတော့ စိုက်ပျိုး မြေဧက ၈၁၆၅ ဧကကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၎င်းအပြင် စိုက်ပျိုးရေးစခန်းများအဖြစ် ဥတိုစိုက်ပျိုး ရေးစခန်း၊ ကြာအင်းစိုက်ပျိုးရေးစခန်း၊ အင်းတွင်းကြီးစိုက်ပျိုးရေးစခန်း၊ ဇီးကုန်းစိုက်ပျိုးရေးစခန်း ဆိုပြီးတော့ စခန်းကြီး ၄ ခုကိုလည်း အခိုင်အမာတည်ဆောက်ခဲ့ပြီးတော့ ၇၉၁၀ ဧကပေါ်မှာ စပါးများ ကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၎င်းအပြင် စခန်းများတစ်ခုနှင့် တစ်ခုဆက်သွယ်ရေး၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေး တိုက်ကြီးမှ ဥတို၊ ဥတိုမှ ကြာအင်း၊ ကြာအင်းမှ တိုက်ကြီးဆိုပြီးတော့ ကုန်ထုတ်လမ်းမကြီးတွေကိုလည်း ဖောက်လုပ်ခဲ့ရပါတယ်။ မိုးရာသီမှာ ရေကြီးနစ်မြုပ်ခြင်းမှ ကာကွယ် ရန်အတွက် ဖော်ထုတ်ပြီးတဲ့လယ်မြေတွေကို တာတွေပတ်ရပါတယ်။ ရေကြီးတဲ့အခါမှာ စိုက်ပျိုး လယ်တွေ၊ စိုက်ပျိုးတဲ့လယ်မြေများအတွင်းသို့ရေများမဝင်ရောက်အောင်ဆိုပြီးတော့ တာတွေပတ်ရပါ တယ်။ မိုးတွင်းအခါမှာ ရေများဝင်ရင် ရေများကိုထုတ်နိုင်ဖို့၊ နွေအခါမှာ လိုအပ်သောရေများ တဘူးလှ ဆည်မြောင်းကနေပြီးတော့ ရေသွင်းနိုင်ဖို့ဆိုပြီးတော့ ဒီတာတွေမှာ ရေသွင်းရေထုတ်ပြွန်တွေကိုလည်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ဒါ့အပြင် မျိုးကောင်းမျိူးသန့်များပေါ်ထွက်နိုင်ရန်နှင့် တွက်ချေကိုက်တဲ့စပါးမျိုးတွေကို သုတေသနပြုပြီးတော့ဆောင်ရွက်နိုင်ဖို့ဆိုပြီး Research Centre ကိုလည်းတည်ဆောက်ခဲ့ပါတယ်။ ယခုအချိန်မှာ Research Centre ကြီးဟာ တံခါးတွေပိတ်ပြီးတော့ တော်တော်လေးတောင်ပျက်စီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးပြီးတဲ့စပါးတွေကို ကြိတ်ခွဲနိုင်ဖို့ အတွက်ကိုလည်း အဲ့ဒီမှာ ခေတ်မီတဲ့ဆန်စက်တစ်ခုကိုလည်းတည်ဆောက်ခဲ့ပါတယ်။ ဒါတွေကတော့ ခုနက ကျွန်တော်ပြောသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ ငွေတွေကို မြောက်မြားစွာအကုန်အကျခံပြီးတော့ တည်ဆောက်ခဲ့တဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဒီလိုအကုန်အကျခံပြီးတော့ တည်ဆောက်ခဲ့တဲ့နေရာမှာ ၂၀၀၃ ခုနှစ်ကစပြီးတော့ လုပ်ငန်းတွေဟာ ရပ်ဆိုင်းခဲ့တာ ယခုအချိန်အထိပါပဲ။ အချို့နေရာတော်တော် များများတွေမှာ ကိုင်းတောတွေလည်းပြန်ပေါက်နေပါပြီ။ စိုက်ပျိုးလို့ရတဲ့ဧက ၁၀၀၀ လောက်မှာတော့ နီးစပ်ရာကျေးရွာတွေက လယ်ယာစိုက်ပျိုးလုပ်ကိုင်လိုသော လယ်သမားတွေက စပါးပေးပေးပြီးတော့ စိုက်ပျိုးနေကြတယ်။ စပါးပေးဆိုတာ တစ်ဧကကို စပါးတင်းရေ ၅ တင်းပေးရပါတယ်။ ဒါတွေက ဧက ၁၀၀၀ ကျော်လောက်တော့ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုလိုငွေကြေးတွေမြောက်မြားစွာအကုန်အကျ ခံပြီးတော့ စနစ်တကျဖော်ထုတ်ထားတဲ့စိုက်ကွင်းကြီးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ အသိပညာရှင်အတတ်ပညာရှင်များ၊ ငွေကြေးတတ်နိုင်၍ စိတ်ဝင်စားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ဝန်ကြီးဌာနများပူးပေါင်းပြီးတော့ လယ်ယာမြေတွေကို အမြန်ဆုံး ပြန်လည်ဖော်ထုတ်ပြုပြင်ပြီး တွက်ချေကိုက်သောစပါးမျိုးများကို သုတေသနပြု၍စိုက်ပျိုးလုပ်ကိုင် မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသောကြောင့် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါသည်-
(၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဥတိုစိုက်ကွင်းကြီးတစ်ခုလုံးကို ဆက်လက်လုပ်ကိုင်ရန် အစီအစဉ်ရှိ/မရှိ၊
(၂) ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်ရှိ၊ မရှိ။
(၃) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် လွှဲပြောင်းဆောင်ရွက်ခြင်းများလုပ်ကိုင်ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိတို့ကို နိုင်ငံတော်၏ အကျိုးငှာ သိရှိလိုပါ၍ မေးမြန်းပါသည်။