(ခ)-ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)အရ စွဲဆိုထားသောအမှုများကို ကျေအေးခွင့်၊ ရုတ်သိမ်းခွင့်မပြုရန် ညွှန်ကြားထားသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က) သည် ယာဉ် တိုက်မှုဖြစ်ရာတွင် လူသေမှုဖြစ်သဖြင့် တရားစွဲဆိုအရေးယူသည့်အမှု ဖြစ်ပြီး အဆိုပါအမှုများသည် မတော်တဆဖြစ်သော အမှုအမျိုး အစားဖြစ်ပါသည်။ သေစေရန်ရည်ညွှန်း၍သော်လည်း၊ ထိခိုက်ဒဏ်ရာ ရစေရန်ရည်ရွယ်၍သော်လည်း ကောင်းဖြစ်ပွားသော အမှုမျိုးမဟုတ်ပါ။ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း များမှာလည်း ယာဉ်မောင်းသူတစ်ဦးတည်းရဲ့ အပြစ်သာ ဖြစ်သည်ဟု မဆိုနိုင်သကဲ့သို့ ယခုအခါ ဆိုင်ကယ်မောင်းသူတို့၏ မဆင်မခြင်စီးနင်းမောင်းနှင်ခြင်း၊ လမ်းသွားလမ်းလာ လူအချို့မှာလည်း ယာဉ်ကြောကိုဂရုမစိုက်ခြင်း၊ မူယစ်သောက်စား၍ သွားလာခြင်းများလည်း ရှိတတ်ပါတယ်။ ယခုအခါ အဆိုပါပြစ်မှုဥပဒေပုဒ်မ ၃၀၄ (က)အရ စွဲဆိုသောအမှုများကို အချို့သောတိုင်းနှင့် ပြည်နယ်အချို့တွင် ကျေအေးခွင့်၊ ရုတ်သိမ်းခွင့်မပြုခြင်းမှာ ပြစ်မှုဖြစ်ပွားမှုကိုဟန့်တားရည်ရွယ်ရန် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း လက်တွေ့တွင်မိမိအမှားကိုမိမိဝန်ခံကြပြီး လူမှုရေးအရနစ်နာမှုကို နှစ်ဖက် ပြေလည်အောင်ညှိနှိုင်းကြသဖြင့် အချိန်ကုန်သက်သာခြင်း၊ ရှေ့နေရှေ့ရပ်၊ တရားစွဲဆိုသော အဖွဲ့အစည်း၊ တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ အပါအဝင် ဆက်နွယ်သူများအားလုံးကို ပေးကမ်း ရသဖြင့် ငွေရေးကြေးရေး ကုန်ကျမှုများပြားပြီး အကျင့်ပျက်ခြစားမှု ရှင်သန်ကြီးထွားလာခြင်း စသည့် မကောင်းသည့် အကျိုးဆက်များကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်-
(၁) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က) အရ စွဲဆိုထားသောအမှုများကို ကျေအေးရုတ်သိမ်းခွင့် မပြုဆိုတာမှန်ပါသလား။
(၂) ယင်းသို့တားမြစ်ထားခြင်းသည် တည်ဆဲဥပဒေနှင့်ညီညွတ်ပါသလား။
(၃) တည်ဆဲဥပဒေနှင့်မညီညွတ်လျင် သို့တည်းမဟုတ် ထိုသို့တားမြစ်ထားသဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကများနေလျင် ပြန်လည်ပယ်ဖျက်ပေးနိုင်မည်လား။ စသည်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။