(ဂ)-နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-26

 

လွန်ခဲ့တဲ့နှစ်များစွာကတည်းက ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များဟာ တိကျတဲ့သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့တဲ့အတွက် နိုင်ငံ့ဝန်ထမ်းထမ်းဆောင်ခြင်းအပေါ် စိတ်သောကနဲ့မရေရာသောလမ်းပေါ်မှာ လျှောက်နေရသလိုခံစားနေရတာကိုတွေ့မြင်ရပါတယ်။ မိမိကိုယ်တိုင်လည်း ဝန်ထမ်းဘဝကိုဖြတ်သန်း လာခဲ့ရခြင်းအတွေ့အကြုံများကိုအခြေခံပြီးတော့ ယခုလိုအချိန်မှာ ပြုပြင်ပြောင်းလဲသင့်ပြီဟုယူဆတဲ့ အတွက်မေးမြန်းရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမပြောင်းရွှေ့တာဝန်ချထားခြင်းကိစ္စဖြစ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းဆရာဝန်များဟာ အလုပ်စတင်ဝင်ရောက်စဉ်ကပင် မည်သည့်ဒေသမဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်ဆိုတဲ့ ဝန်ခံကတိလက်မှတ်ရေးထိုးကြရပါတယ်။ ဒီ ဝန်ခံကတိ အတိုင်းပါပဲ။ ဆရာဝန်များဟာ ဝေးလံခေါင်သီတဲ့ဒေသများကိုသွားရောက်တာဝန်ထမ်းဆောင် ရပါ တယ်။ ဒါမှလည်း ဝေးလံခေါင်သီအရပ်မှာရှိတဲ့ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားများ ကျန်းမာရေးစောင့်ရှောက်မှုရမှာဖြစ်တဲ့အတွက် ဖြစ်သင့်တဲ့အစီအမံလည်းဖြစ်ပါတယ်။ ခက်တာက ဒီဒေသတွေမှာ ဘယ်လောက်ကြာကြာတာဝန်ထမ်းဆောင်ရမလဲဆိုတဲ့ ပြဿနာရှိလာပါတယ်။ နှုတ်အား ဖြင့်သိပ်မကြာပါဘူး။ ၁ နှစ်၊ ၂ နှစ်လို့ အာမခံချက်မျိုးရှိနေပေမယ်လို့ ရံဖန်ရံခါမှာ ၁ နှစ်၊ ၂ နှစ်မကဘဲ ၃ နှစ်၊ ၄ နှစ်ကြာတဲ့အထိ ပြောင်းရွှေ့ဖို့လျှောက်လွှာတင်ပေမယ့်လို့လည်း ဒီဝေးလံခေါင်သီဒေသကနေ ပြီးတော့ ပြန်ပြီးတော့ မပြောင်းရတဲ့ဆရာဝန်တွေလည်းရှိလာပါတယ်။ နောက်တစ်ခုက ဝေးလံခေါင်သီ တဲ့ဒေသတွေမှာ တစ်ခေါက်ရောက်ပြီး နောက်ဘယ်တော့ပြန်ရောက်မလဲ ၂ နှစ်လောက်ကြာရင်ရောက် မလား။ ၃ နှစ်ကြာရင်ရောက်မလား။ ဒီလိုလည်းမသိရတဲ့အတွက် တချို့ဆရာဝန်များဟာ ဝေးလံ ခေါင်သီတဲ့အရပ်ဒေသများကိုရောက်ပြီးနောက် ၂ နှစ်လောက်ပဲခြားတယ်။ တစ်ခါပြန်ပြီးတော့ အဲ့ဒီ နေရာကိုပြန်ရောက်သွားပါတယ်။ အဲ့ဒီတော့ တချို့ဆရာဝန်များဟာ စိတ်ဓာတ်ကျပြီးတော့အလုပ်ထွက် တဲ့ဆရာဝန်တွေလည်း အလုပ်ထွက်သွားတာတွေ့ရပါတယ်။ နိုင်ငံခြားထွက်သွားတဲ့ဆရာဝန်တွေလည်း တွေ့ရပါတယ်။ ဒီလိုဖြစ်နေမယ်ဆိုလို့ရှိရင် နိုင်ငံရဲ့စွမ်းအားအရင်းအမြစ်တွေဟာ ဆုံးရှုံးသွားနိုင်ပါ တယ်။ အဲ့ဒါကြောင့်မို့လို့ အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်မူတိတိကျကျ ချထားပေးမယ်ဆိုလို့ရှိရင် ဆရာဝန်များအနေနဲ့ နိုင်ငံ့တာဝန်ကိုထမ်းဆောင်တဲ့နေရာမှာ အေးအေး ချမ်းချမ်းနဲ့ ဝေးလံခေါင်သီအရပ်ဒေသတွေကိုလည်း သွားနိုင်မှာဖြစ်ပါတယ်။ ဥပမာ  Order မှာ ဒေါက်တာဘယ်သူ့အား ဘယ်ဒေသကို ဘယ်နေ့မှစ၍ တာဝန်ထမ်းဆောင်သောကာလ ၁ နှစ် သို့မဟုတ် ၂ နှစ်ချထားလိုက်သည်။ ဒါနေရာတိုင်းကိုပြောတာမဟုတ်ပါဘူး။ ဝေးလံခေါင်သီအရပ် ဒေသကိုပြောတာပါခင်ဗျား။ တာဝန်ထမ်းဆောင်နေစဉ်ခွင့်ယူခြင်း၊ သင်တန်းတက်ခြင်းနှင့် အခြားနည်း ဖြင့်ပျက်ကွက်ခြင်းများမပါဝင် ၁ နှစ်တိတိ သူဒီမှာ Service အပြည့်ရှိရမယ်။ အဲ့လိုရှိတယ်ဆိုလို့ရှိရင် ဒါဝန်ထမ်းကလည်း အဲ့ဒီနေရာမှာ ၁ နှစ်ဆို ၁ နှစ်၊ ၂ နှစ်ဆို ၂ နှစ် သူကနေရမှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ သူစိတ်ချမ်းသာလက်ချမ်းသာနဲ့ ငါသည်းခံပြီးတော့ ၁ နှစ်ပြည့်အောင်တာဝန် ထမ်းဆောင် လိုက်မယ်။ ပြီးလို့ရှိရင် ပြောင်းရမှာပဲဆိုတဲ့အတွက်ကြောင့်မို့လို့ သူ့အတွက်တာဝန်ထမ်းဆောင်ရတာ လည်း ကောင်းပါတယ်။

နောက်တစ်ခုကတော့ ရာထူးတိုးမြှင့်ပေးခြင်းဖြစ်ပါတယ်။ ရာထူးတိုးမြှင့်ပေးခြင်းလည်း ကျွန်တော်တို့ ဆရာဝန်ပိုင်းမှာ လိုင်းတွေကတော်တော်စုံပါတယ်။ ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်တဲ့ ဆရာဝန်တွေရှိတယ်။ ကုသရေးဆရာဝန်တွေရှိတယ်။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်းမှာပါဝင်နေတဲ့ ဆရာဝန်တွေလည်းရှိပါတယ်။ အဲ့ဒီအချိန်အခါမှာ တချို့တလေရာထူးတိုးတဲ့နေရာမှာ ပညာအရည် အချင်းတူပေမယ်လို့ ကိုယ့်ထက်လုပ်သက်နုတဲ့လူကအရင်ရာထူးတိုးသွားတာတို့၊ ကိုယ်ကရာထူး တိုးခွင့်ရှိရဲ့သားနဲ့ ရှေ့မှာအခွင့်အလမ်းတွေပိတ်နေတာတို့ ဒီလိုမျိုးတွေရှိပါတယ်။ ရှိတဲ့အခါမှာ ပြဿနာတွေတက်ပါတယ်။ အကယ်၍သာ မူကျကျနန သေချာချထားမယ်ဆိုလို့ရှိရင် ဒီမူတွေ ဒီမူတွေ ကြောင့်မို့ ရာထူးတိုးပေးရခြင်းဖြစ်ပါတယ်။ ဒီမူတွေ ဒီမူတွေကြောင့်မို့ ရာထူးမတိုးသေးခြင်းကို ခေတ္တ စောင့်ဆိုင်းပါလို့လည်းပြောလို့ရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရာထူးတိုးတဲ့ နေရာမှာ လက်ရှိလည်းကျင့်သုံးနေပါတယ်။ ဝဖ ပုံစံဆိုတာရှိပါတယ်။ ဝဖပုံစံဆိုတာကတော့ အကြီးအကဲလုပ်တဲ့ ဆရာဝန်ကြီးတွေကနေပြီးတော့မှ ကိုယ့်လက်အောက်မှာရှိတဲ့ လက်ထောက်ဆရာဝန်တွေ ဒါမှမဟုတ် ကိုယ်နဲ့ဆက်စပ်တဲ့ဆရာဝန်တွေ၊ ကိုယ်တာဝန်ယူပြီး အုပ်ချုပ်ရတဲ့ဆရာဝန်တွေအပေါ်မှာ အမှတ်ပေး စနစ်နဲ့ သူ့ရဲ့ဆောင်ရွက်မှုအခြေအနေ၊ အရည်အချင်းအခြေအနေ၊ တာဝန်ကျေမှုအခြေအနေတွေကို ဝဖ ပုံစံနဲ့အသုံးပြုနေတာရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ ဝဖ ပုံစံံရဲ့အရေးပါမှုက သိပ်ပြီးတော့ မရှိသလိုဖြစ်နေပါတယ်။ များသောအားဖြင့်တော့ ကြီးကြပ်တဲ့ဆရာဝန်ကြီးတွေကလည်း ဒီဟာကို လျှို့ဝှက်သဘောမျိုးမဟုတ်ဘဲနဲ့ အားလုံးပဲထောက်ခံပေးလိုက်တော့ ဒီ ဝဖ ပုံစံထားရှိရတဲ့ပုံစံကလည်း သဘောကလည်းသိပ်ပြီးတော့ အကျိုးမသက်ရောက်သလိုဖြစ်နေပါတယ်။ ဒါကိုလည်း ဆောင်ရွက် သင့်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်တစ်ခုပြောချင်တာကတော့ ဘွဲ့လွန်သင်တန်းတက်တဲ့နေရာမှာ ရွေးချယ်တဲ့အခါတွေ နောက် ဘွဲ့လွန်အောင်မြင်ပြီးတော့ ဆရာဝန်များကိုတာဝန်ချထားတဲ့နေရာတွေ ဒီနေရာတွေမှာလည်း မူဝါဒလေးတွေ၊ မူလေးတွေ၊ သတ်မှတ်ချက်ကလေးတွေသေသေချာချာ ရှိသင့်ဖို့လိုအပ်ပါတယ်။ တချို့ဆရာဝန်များဟာ မြို့ကြီးတွေမှာပဲတာဝန်ထမ်းဆောင်ပြီးတော့ နောက်ဆုံး တော့ အထူးကုဆရာဝန်ကြီးတွေဖြစ်သွားကြပါတယ်။ တချို့ဆရာဝန်များကတော့လည်း မြို့ငယ်လေး တွေမှာပဲ တဝဲလည်လည်နေရင်းနဲ့ တစ်ခါတလေ အလွန်ဝေးလံတဲ့နေရာတွေမှာရောက်ရှိနေတဲ့အချိန် အခါမှာ ဘွဲ့လွန်သင်တန်းတွေခေါ်တာကိုမသိလိုက်ရလို့ မဖြေလိုက်ရတဲ့ဆရာဝန်တွေလည်းရှိပါတယ်။ ဒီဝေးလံခေါင်းပါးတဲ့နေရာလေးတွေ၊ မြို့ငယ်လေးတွေမှာရောက်နေတော့ စာလည်းမကျက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ သူလည်းဝင်ခွင့်ဖြေဖို့အခွင့်အလမ်းမရှိတာတွေလည်းရှိပါတယ်။ အဲ့တော့ ဒီလို ဆရာဝန်တွေရဲ့ဘွဲ့လွန်သင်တန်းတက်တဲ့နေရာမှာအရည်အချင်း ရှိရင်ရှိသလို သူတို့တစ်တွေ အခွင့်အလမ်းရအောင်လည်း မူလေးတွေချထားပေးသင့်တယ်လို့ထင်ပါတယ်။ နောက်တစ်ခါ ယခုအခါ မှာ ကျွန်တော်တို့မှာ ပြဿနာနည်းနည်းရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဘွဲ့လွန်သင်တန်းတက်ခွင့် တွေပေးတဲ့အခါမှာ တချို့တာဝန်ကျတဲ့မြို့ငယ်တွေမှာ မြို့တွေမှာဆရာဝန်၊ လက်ထောက်ဆရာဝန် တွေဟာ ၂ ဦး၊ ၃ ဦး၊ ၄ ဦးရှိတယ်။ အဲ့ဒီ ၄ ဦးရှိတဲ့အထဲမှာ ၂ ဦးက ဘွဲ့လွန်သင်တန်းသွားတက်တော့ ကျန်တဲ့ ၂ ဦးက လစ်လပ်ပြီးနေရစ်ခဲ့ပါတယ်။ လစ်လပ်ပြီးနေရစ်ခဲ့တော့ အဲ့ဒီလစ်လပ်တဲ့နေရာမှာ လည်း အစားထိုးတဲ့အနေအထားမျိုးလေးမရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုမှာ အလွန်အားနည်းသွားတာလေးလည်းရှိပါတယ်။ အဲ့ဒါကြောင့်မို့ ဒီဘွဲ့လွန်သင်တန်း ခေါ်ယူတဲ့အခါမှာ ထိုက်သင့်တဲ့ပြည်သူတွေဘက်ကရော၊ ဆရာဝန်တွေဘက်ကရော သင်‌့တင့် လျောက်ပတ်တဲ့ မူလေးတွေချပေးထားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အဲ့ဒါကြောင့်မို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီးဖြစ်စေ နောက်ဆံမတင်းဘဲ မိမိဝါသနာပါရာဆေးပညာကိုလည်း စည်းကမ်းနဲ့အညီလေ့လာဆည်းပူးပြီး ပြည်သူလူထုအတွက် စိတ်သောကကင်းဝေးစွာ တာဝန် ထမ်းဆောင်နိုင်တဲ့ ဆရာဝန်များလိုအပ်လာပြီဖြစ်ပါတယ်။ ပြီးပြည့်စုံသော ကျန်းမာရေးစနစ် ပေါ်ပေါက်လာရင်တော့ ဒီရည်မှန်းချက်တွေကအောင်မြင်လာမှာပါ။ သို့သော် ပထမအဆင့်ပြောင်းလဲမှု အနေနဲ့ လက်ရှိအခြေအနေထက်ပိုမိုကောင်းသော နိုင်ငံ့ဝန်ထမ်းဆရာဝန်များ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် ဘွဲ့လွန်သင်တန်းများခေါ်ယူခြင်း မူသစ်များ မည်သို့ချထား သည်ကိုသိရှိလိုပါကြောင်း ဆရာဝန်လောကတွင်လည်း ပွင့်လင်းမြင်သာစွာ ရှိစေရန်ရည်ရွယ်၍ မေးမြန်းပါသည်။