(စ)-နိုင်ငံတော်တစ်ဝှမ်းရှိအခြေအနေမဲ့ နေထိုင်သူများ၊ ကျူးကျော် နေထိုင်သူများ လျော့နည်း ပပျောက်လာ စေရေး နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-26

 

ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ပြည်သူရဲ့လူနေမှုဘဝ တိုးတက်မြင့်မား ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ရည်ရွယ်ချက် ၄ ချက်နဲ့ ဒီမေးခွန်းကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်မှာ ယနေ့ ကျူးကျော်ဆိုပြီးတော့ နေထိုင်တဲ့ လုပ်သားပြည်သူများစွာရှိပါတယ်။ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ်မှာတင် အိမ်ထောင်စုပေါင်း ၁၁၈၀ ဟာ ကျူးကျော်အိမ်တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ကျူးကျော်တွေဟာ များစွာရှိမှာ ဖြစ်ပါတယ်။ ကျူးကျော်တွေဟာ အရင်အစိုးရလက်ထက်တုန်းကလည်း ကျူးကျော်ဆိုပြီး တော့ ရှိခဲ့ဖူးပါတယ်။ ကျူးကျော်တွေကို ပြန်ပြီးတော့ လေ့လာတဲ့အခါကျတော့ ရွှေပြည်သာ၊ လှိုင်သာယာဆိုလို့ရှိရင် ရန်ကုန်မြို့မှာ မီးလောင်ပြီးတော့ ရွှေ့ပြောင်းတဲ့ မိသားစုတွေရှိပါတယ်။ ယခင်တုန်းက အိုးပိုင်အိမ်ပိုင်နဲ့ နေခဲ့တယ်။ သူတို့ကို ရွှေပြည်သာ၊ လှိုင်သာယာတို့လိုမျိုး ဆင်ခြေဖုံးကို ရွှေ့တယ်။ စီးပွားရေးက မပြေလည်တဲ့အတွက်ကြောင့် သူတို့ပိုင်ဆိုင်တဲ့မြေကွက်တွေကို ပြန်လည် ရောင်းချရတယ်။ အဲ့ဒီအဆင့်ကနေ တဖြည်းဖြည်းနှင့် ကျူးကျော်ဘဝကိုရောက်ပါတယ်။ တချို့ကျတော့ နာဂစ်လိုသဘာဝ ဘေးဒဏ်ဖြစ်တဲ့အချိန်မှာ စားဝတ်နေရေးအတွက် ရွှေ့ပြောင်းပြီးတော့ လုပ်ကိုင်စားသောက်နေတဲ့ ကျူးကျော်ဘဝကို ရောက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အရင်အစိုးရလက်ထက် တုန်းကတော့ ဒီအခက်အခဲတွေ မရှိပါဘူး။ ဒီနေ့အချိန်မှာ ကျူးကျော်ရဲ့ ဘဝဟာ အများကြီးအခက်အခဲ ရှိပါတယ်။ တစ်ဖက်ကလည်း ပြီးခဲ့တဲ့လမှာ လှိုင်သာယာမှာဖြစ်ပွားတဲ့ အဖွဲ့အစည်းအချို့ရဲ့ တွန်းအား ပေးမှုကြောင့် မြေနေရာတချို့မှာ အိမ်တွေဝင်ဆောက်တယ်။ အုပ်ချုပ်တဲ့အစိုးရအဖွဲ့နဲ့ အခြေအတင် ဖြစ်ကြတယ်။ အလားတူကျွန်တော်တို့ ရွှေပြည်သာမှာလည်း မြေကွက်အချို့ကို ချပေးမယ်ဆိုပြီးတော့ လျှောက်လွှာတွေရောင်းကြတယ်စသဖြင့် ဒါတွေဖြစ်လာတဲ့အခါမှာ  အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း အခက်အခဲရှိပါတယ်။ အဓိကကတော့ ဒီကြားထဲမှာ သက်ရောက်မှုကတော့ ကျူးကျော်တွေဟာ အများကြီးအခက်အခဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နောင်လာမယ့်ကာလမှာ ဒီလိုပြဿနာတွေ ဆက်လက်မဖြစ်ပွားဖို့အတွက် ခုနတင်ပြတဲ့ ကျူးကျော်တွေကို သတ်မှတ်တဲ့နေရာ တွေချပေးမယ်ဆိုရင် အဆင်ပြေလာမှာ တွေ့ရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ရွှေပြည်သာမှာရှိတဲ့ ချောင်းဘေး၊ မြောင်းဘေးမှာရှိတဲ့ မြေကွက်လပ်တွေရှိပါတယ်။ ဒါတွေကို လည်း မကြာခင်မှာ အကွက်တွေရိုက်ပြီးတော့ ပေးမယ်လို့လည်း သိရပါတယ်။ ဒါ‌တွေဟာကောင်းတဲ့ အစီအမံတွေ ဖြစ်ပါတယ်။ ယနေ့ဒီမိုကရေစီဖော်ဆောင်တဲ့အခါမှာ တစ်ဖက်က စိတ်ရှည်သည်းခံတဲ့ ရေချိန်အမြင့်ဆုံးထားဖို့ လိုသလို ပြည်သူဘက်ကလည်း ဥပဒေကို အပြည့်အဝလေးစားလိုက်နာဖို့ လိုပါတယ်။ ဒါမှသာလျှင် နိုင်ငံတော်အစိုးရကလည်း ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။  ကျွန်တော် မေးလိုတဲ့ မေးခွန်းကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အခြေအနေမဲ့နေထိုင်သူတွေ၊ ကျူးကျော်နေထိုင်သူ များနှင့်ပတ်သက်ပြီးတော့ လျော့နည်းပပျောက်လာအောင် နိုင်ငံတော်ကနေ ဆောင်ရွက်ပေးမယ့် အစီအမံနှင့်ပတ်သက်ပြီးတော့ သိလိုပါကြောင်း မေးမြန်းပါသည်။