(က)-ပြည်နယ်တစ်ခု၏ ပြည်နယ်နေ့၊ ပြည်နယ်တစ်ခုအတွင်းရှိ အထင်ကရ နေ့ထူးနေ့မြတ်နေ့ရက် များအား သက်ဆိုင်ရာဒေသများအတွင်း တရားဝင်ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးရန်အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ မှာ နိုင်ငံတော်ကို တိုင်းဒေသကြီးခုနစ်ခု၊ ပြည်နယ်ခုနစ်ခုဆိုပြီး ပိုင်းခြားဖွဲ့စည်းထားပါကြောင်း၊ ယခုလို ပြည်ထောင်စုနယ်မြေ အတွင်း ဖွဲ့စည်းထားသည့် ပြည်နယ်များတွင် နေထိုင်ကြသော ပြည်သူများဆန္ဒအရ ပြည်နယ်သမိုင်း၊ လူမျိုးသမိုင်းအပေါ် အခြေခံပြီး ပြည်နယ်နေ့များကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ၎င်းပြည်နယ်နေ့များကို ကျင်းပသည့်အခါ ပထမပိုင်းတွင် စည်စည်ကားကားကျင်းပနိုင်ခဲ့ပါကြောင်း၊ ပြည်နယ်နေ့များသည် ရုံးပိတ်ရက်မဟုတ်သည့် အတွက်နှင့် ဦးဆောင်ကျင်းပရသည့် ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ၊ ကျောင်းသားများ မတက်ရောက်နိုင်ခဲ့သည့်အတွက် စည်စည်ကားကားမဖြစ်ဘဲ နောက်ပိုင်းတွင် အဖြစ်သဘောမျိုးသာ လုပ်ဆောင်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နေ့ကို နိုင်ငံတော်က ပြည်နယ်အတွင်း အစိုးရရုံးပိတ်ရက်အဖြစ် မသတ်မှတ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နေ့များကို တရားဝင်ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန် ခေတ်ကာလအခြေအနေအရ၊ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေအရ လိုအပ်မည် ဖြစ်ပါသဖြင့် မေးမြန်းရခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင် ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေးအခြေအနေအရ နိုင်ငံတော်ကို ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ကြိုးစားနေသည့် ကာလဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုသည့်စကားကို ပါးစပ်နှင့်ပြောရုံဖြင့် မရပါကြောင်း၊ တိုင်းရင်းသားများ၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို ထိန်းသိမ်းဖော်ဆောင်မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုဆိုလျှင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါပြီဖြစ်ပါကြောင်း၊ ၎င်းအခြေအနေများကို အသုံးပြုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဆိုလျှင် နေ့ထူးနေ့မြတ်များကို တရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ အခန်း(၃) ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးရပိုင်ခွင့်များဆိုသည်ကို ပြဋ္ဌာန်းထားပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ ဆောင်ရွက်ရသော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်တွင် အစိုးရရုံးပိတ်ရက်အဖြစ် ပြည်နယ်လွှတ်တော်က အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းအခြေအနေမျိုးတွင် ချင်းပြည်နယ်တွင်လည်း ချင်းအမျိုးသားနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်ဆိုလျှင် ယခု ဝန်ကြီးကလည်း တစ်နှစ်ခွဲအချိန်ယူပြီး ဖြေကြားခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းအပေါ် မိမိတို့က ကောင်းသော မျှော်လင့်ချက်များနှင့် ကောင်းသောရလဒ်များ ရနိုင်လိမ့်မည်ဟု ယူဆသည့်အတွက် မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊