(က)-လမ်းအသုံးပြုသူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မှန်ကန်သောယာဉ်အချက်ပြမီး တစ်ပြေးညီ ပြောင်းလဲကျင့်သုံးသွားရန် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေများအရ မော်တော်ယာဉ်တွင်တပ်ဆင်ထားသော မီးများနှင့် ယာဉ်မောင်းသူ၏လက်ဖြင့် အချက်ပြပုံများအခန်း၌ နောက်မှမော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်း ကို ယာဉ်၏ယာဘက်မီးဖြင့်အချက်ပြရန် သတ်မှတ်ထားသော်လည်း ယာဉ်မောင်းများ အထူးသဖြင့် ကုန်တင်ကားကြီးအများစုသည် အဝေးပြေးလမ်းမကြီးများပေါ်၌ ယာဉ်၏ဝဲဘက်မီးဖြင့်သာ လွဲမှားစွာ အချက်ပြသုံးစွဲနေကြဆဲဖြစ်ပါကြောင်း၊ ဤကဲ့သို့လွဲမှားသည့်အချက်ပြစနစ်များကြောင့် ယာဉ်မတော်တဆ မှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မော်တော်ယာဉ်ကျော်တက်ရန် အချက်ပြမှုအမှန်သို့ ချောမွေ့စွာ ပြောင်းလဲ ကျင့်သုံးနိုင်စေရေးအတွက် အလေးထားလိုက်နာကျင့်သုံးကြရန် ၁-၉-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှန်သို့ တစ်ပြေးညီပြောင်းလဲကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ နှိုးဆော်ထားပြီးဖြစ်ပါကြောင်း၊ အသိပညာပေးမှုအနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်းမကြီး များတွင် ယာဉ်မောင်းအများစုသည် ကျင့်သားကျနေသော၊လွဲမှားသည့် အချက်ပြခြင်းစနစ်ကိုသာ ပြသ မောင်းနှင်နေကြဆဲဖြစ်ပါကြောင်း၊ အဝေးပြေးလမ်းမပေါ်တွင် မော်တော်ယာဉ်များ ကျော်တက်နိုင် ကြောင်းကို လက်ယာမီးဖြင့် ယခုတိုင်အချက်ပြလိုက်နာသူ၊ ကျင့်သားကျနေသောစနစ်ဟောင်းအတိုင်း လက်ဝဲအချက်ပြမီးဖြင့် အချက်ပြသူ၊ မည်သည့်အချက်ပြမီးမျှ မပြသတော့ဘဲ အဆင်ပြေသလို ကျော်တက်နိုင်သူ စသဖြင့် ကွဲပြားသွားစေပြီး နားလည်မှု၊ လွဲမှားမှုများစွာဖြစ်ပေါ်နေပါကြောင်း၊ မန္တလေး-လားရှိုးကဲ့သို့ အဝေးပြေးလမ်းမကြီးတွင် ကွေ့ကောက်ခက်ခဲသော ဂုတ်တွင်းလမ်းနေရာများတွင် အချက်ပြမီးပြဿနာ လွန်စွာအရေးကြီးလှပါကြောင်း၊ အမြန်လမ်းမကြီးများမှလွဲ၍ နယ်အဝေးပြေး လမ်းမကြီးများတွင် ၎င်းအချက်ပြမီးစနစ်ကို ယာဉ်မောင်းများ၊ အသုံးပြုသူများနေကြသဖြင့် အခက်အခဲများ ရင်ဆိုင်နေရပါကြောင်း၊
အမှန်တကယ်မှာ ယာဉ်မောင်းများ ယာဉ်မောင်းလိုင်စင် လျှောက်ထားဖြေဆိုစဉ်ကပင် ဤအချက်ပြမီးနှင့် စပ်လျဉ်း၍ မေးခွန်းများအောင်မြင်စွာ ဖြေဆိုခဲ့ကြပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် နယ်အဝေးပြေး လမ်းမကြီးများ၊ ကွေ့ကောက်သော တောင်တက်ခရီးများ၌ ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်ဖြတ်သန်းရာတွင် လက်ယာမီးများကိုယ်စီပြ၍ လမ်းတစ်ဝက်အထိချပြီး ဖြတ်သန်းမောင်းနှင်သည့်အကျင့်မှစပြီး ဤ မော်တော်ယာဉ်ဥပဒေနှင့် ဆန့်ကျင်ဘက်အချက်ပြသည့် ကိစ္စရပ်များပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီခေတ်တွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို မိမိတို့ တစ်ပြေးညီလိုက်နာကျင့်သုံးကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် အာမခံချက်ရှိသော စည်းမျဉ်းစည်းကမ်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ လမ်းသုံးပြုသူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မှန်ကန်သော အချက်ပြမီး တစ်ပြေးညီပြောင်းလဲကျင့်သုံးသွားနိုင်ရန် မည်ကဲ့သို့ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။