(ဂ)-ရေနံအလုပ်သမားများ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ခံစားခွင့်ရရှိနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး(စကု)မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဆိုပြီး ရေနံမြေနှစ်ခုရှိပါကြောင်း၊ ၎င်း ရေနံမြေများတွင် အလုပ်လုပ်နေကြသည့် ရေနံမြေအလုပ်သမားများနှင့် တွေ့ဆုံသည့်အခါ ဥပဒေနှင့်အညီ ရခွင့်ရှိသည့်အခွင့်အရေးများ အပြည့်အဝမရရှိကြောင်းကို ကြားသိခဲ့ရပါသည်။ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် ရှစ်နာရီထက်ပိုမိုပြီး တာဝန်ထမ်းဆောင်နေရခြင်းများ ဆောင်ရွက်နေရသော်လည်း အချိန်ပိုကြေး မရခြင်း၊ တရားဝင်ရုံးပိတ်ရက်များကို ဝန်ထမ်းတိုင်းခံစားခွင့်ရှိသော်လည်း ရေနံမြေ အလုပ်သမားများမှာ ရုံးပိတ်ရက်များကို ခံစားခွင့်မရခြင်း၊ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများမှာ ဖွဲ့စည်းပုံအပြည့်အဝ မရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ယာယီဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်သည့်အခါလည်း ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် အခက်အခဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နေရပါကြောင်း၊
မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေတွင် ရေနံမြေအလုပ်သမားများသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစပြီး OT ကြေးကို ရပ်ဆိုင်းခြင်း၊ ဖြတ်တောက်ခြင်း၊ ပြက္ခဒိန်ပါ ရုံးပိတ်ရက်များကိုလည်း ခံစားခွင့်မရကြသည့်အပြင် ရေနံမြေအသီးသီးမှ တာဝန်ထမ်းဆောင်နေကြသော ရေနံအလုပ်သမားများသည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၁ အရ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ ၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ခံစားခွင့်ရှိသည့် အခွင့်အရေးများ၊ ၂၀၁၆ ခုနှစ်၊ စက်ရုံအလုပ်ရုံ ဥပဒေပါ ခံစားခွင့်များ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ ခံစားခွင့်များ၊ ရေနံမြေ အလုပ်သမားများအတွက် ပြဋ္ဌာန်းထားသည့် သက်သာချောင်ချိရေးဥပဒေများစသည့် အတည်ဖြစ်နေသော ဥပဒေပါရပိုင်ခွင့် အခွင့်အရေးများကို ပြည့်ဝစွာမခံစားရပါကြောင်း၊ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ကျရောက်သော (၁၂၈) ကြိမ်မြောက် Mayday နေ့ အခမ်းအနားကို မိမိကိုယ်တိုင် တက်ရောက်ပြီး မန်းရေနံမြေ အလုပ်သမားထု၏ ရင်ဖွင့်သံများကို နားထောင်ခွင့်ရခဲ့ပါကြောင်း၊
ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် (၁၂၈) ကြိမ်မြောက် Mayday နေ့ အခမ်းအနားကို မင်းဘူးမြို့ရှိ မန်းရေနံမြေလုပ်သား အပန်းဖြေရိပ်သာတွင် တစ်နိုင်ငံလုံးရှိ ရေနံမြေအလုပ်သမားထုများ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်း၊ ၎င်းအခမ်းအနားတွင် ရေနံမြေအသီးသီးမှ တက်ရောက်လာကြသော ရေနံလုပ်သားထု ကိုယ်စားလှယ်များက သဝဏ်လွှာအသီးသီး ပေးပို့ဖတ်ကြားခြင်းမှာ ချောက်လမ်းရွာရေနံမြေမှ ဦးလှကြီး အခြေခံအလုပ်သမား အဖွဲ့အစည်းကနေပြီး ပေးပို့လာသည့် သဝဏ်လွှာတွင် အလုပ်သမားများအတွက် အဓိကလိုအပ်ချက် (၃) ချက်ရှိပါကြောင်း- (၁) ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာရရှိရေး၊ (၂) လုပ်ငန်းခွင်အေးချမ်း သာယာပြီး ဘေးအန္တရာယ်ကင်းရှင်းရေး၊ (၃)အလုပ်သမားတို့အတွက် အနာဂတ်ဘဝအာမခံချက် ရရှိရေးဆိုပြီး ဖော်ပြထားသည်ကို တွေ့ရသကဲ့သို့ ပြည်ရေနံမြေမှ ရွှေပြည်ဟင်္သာအခြေခံ အလုပ်သမားအဖွဲ့အစည်းမှလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြုလုပ်မည်ဆိုလျှင် အလုပ်သမားများ၏ဘဝ ပိုမိုတိုးတက်လာပြီး အနာဂတ်တိုင်းပြည်ကို ထူထောင်လာနိုင် မလားဆိုပြီး မိမိတို့ ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ မြန်အောင်ရေနံမြေက ရွှေဧရာလွန်ဆေးအခြေခံအလုပ်သမားအဖွဲ့မှလည်း ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်လာသည့် ပြည်သူ့အစိုးရနှင့်အတူ မပြောင်းလဲချင်သေးသည့် ပြောင်းလဲချင်စိတ်မရှိသေးသည့် လူတစ်စုသည် ဝန်ကြီးဌာနပေါင်းစုံတွင် ကျန်ရှိနေပြီး တိုင်းပြည်တိုးတက်မှု အရွေ့တွင်ပူးပေါင်းပါဝင်မှုမရှိဘဲ အလုပ်သမားထုအရေးကို မျက်ကွယ်ပြု ကန့်လန့်တိုက်နေသည့် သူအချို့ရှိနေပါကြောင်း၊ ပြည်သူလူထုက တင်မြောက်ထားသည့် အစိုးရအနေဖြင့် ပြည်သူနှင့်အတူရှိမနေသည့် လူများကို အချိန်မီဖယ်ရှားပေးစေလိုပါကြောင်းဆိုပြီး ပွင့်ပွင့်လင်းလင်း တင်ပြတောင်းဆိုထားသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း ထို့ကြောင့် ရေနံမြေ အသီးသီးမှ တာဝန်ထမ်းဆောင်နေသော ရေနံမြေအလုပ်သမားများအတွက် ဥပဒေနှင့်အညီ ခံစားခွင့်ရှိသည့် အခွင့်အရေးများ ရရှိရန်အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။